Skip to main content

ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော် ဩဂုတ် ၈

ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံးရှေ့ယာယီခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းသား ကျောင်းသူများက “မြန်မာ့ကျောင်း” အဖွင့်သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” မှတ်တမ်းဗီဒီယိုကို ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကျောင်းသားလူငယ်များသည် အနာဂတ်တွင် တိုင်းပြည်အတွက် အရေးကြီးဆုံးအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ထူးချွန်ထက်မြက်သည့် ပညာတတ်လူငယ် များဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း၊ မိမိဘဝအနာဂတ်လှပစေရန် ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းပြီး မိမိ မိသားစု၊ မိမိရပ်ရွာ၊ မိမိနိုင်ငံက ဂုဏ်ယူလေးစားတန်ဖိုးထားရသည့် နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် မောင်ကောင်းခန့်ဂျွန်နှင့် မလင်းလင်း ထက်တို့ကို ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၏ဇနီးက လေးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင် ခဲ့ကြသည့် မသွန်းယမုံဇော်နှင့် မမေနှင်းသူသူတို့ကို ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယဝန်ကြီးက လေးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် မောင်သော်ဇင်ထွန်းနှင့် မောင်မန်းဒေးလင်းပိုင်ကီးတို့ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး၏ဇနီးက လေးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မောင်ကောင်းပြည့်ခန့်နှင့် သုံးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မခင်လပြည့်ဦးတို့ကိုလည်းကောင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တာဝန်ရှိသူများက သုံးဘာသာဂုဏ်ထူးနှင့် တစ်ဘာသာဂုဏ်ထူးတို့ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများကို ဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မောင်ကောင်းခန့်ဂျွန်က ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား မိဘများအား နံနက်စာဖြင့်တည်ခင်း ဧည့်ခံသည်။

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းသားသမီးများမှ ရိုးရိုးအောင်မြင်သူ ၇၃ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင်ခုနစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် ငါးဦးနှင့် ငါးဘာသာဂုဏ်ထူးရှင် သုံးဦးတို့ရှိခဲ့ပြီး ရိုးရိုးအောင်မြင်သူတစ်ဦးလျှင် ငွေကျပ် ငါးသောင်းနှုန်း၊ ဂုဏ်ထူးတစ်ဘာသာလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ချီးမြှင့်ခဲ့ရာ ကျောင်းသား ကျောင်းသူများအတွက် စုစုပေါင်း ချီးမြှင့်ငွေကျပ် ၁၀၆၅၀၀၀၀ ဖြစ်ကြောင်း သိရသည်။

နံနက်စောစောပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိများက ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်ရန် ရုံးဧရိယာအတွင်း၌ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးသော Container House များ၌ နေထိုင်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက Container House များတွင် နေထိုင်သည့် ဝန်ထမ်းများအနေဖြင့် ထုတ်ပြန်ထားရှိသည့် စည်းကမ်းချက်များနှင့်အညီ စည်းကမ်းတကျနေထိုင် ကြရန်၊ ဝန်ထမ်းမိသားစုများ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ရိုင်းပင်းကူညီနေထိုင်ကြရန်၊ ယာယီနေထိုင်စဉ်ကာလအတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ ကျန်းမာရေးနှင့် ညီညွတ်စွာစားသောက်နေထိုင်ကြရန်မှာကြားပြီး ဝန်ထမ်းမိသားစုဝင် ကလေးငယ်များအတွက် ထောက်ပံ့ငွေ များ ပေးအပ်သည်။

ထို့နောက် ဝန်ထမ်းနှင့် မိသားစုဝင်များ အခန်းအလိုက်နေထိုင်နေမှု ၊ လျှပ်စစ်မီး၊ သောက်ရေသုံးရေအတွက် စနစ်တကျစီမံဆောင်ရွက်ပေးထားမှု၊ စားဖိုဆောင်များ စီစဉ်ဆောင်ရွက်ပေးထားမှု၊ ယာယီအဆောက်အအုံဧရိယာအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်ချက်များကို မေးမြန်းဖြည့် ဆည်းဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်