Skip to main content

အီလက်ထရောနစ်အားကစားနည်းဖြင့် ကမ္ဘာ့အလယ်ဝင့်ထည်နိုင်ငံ့ဂုဏ်ဆောင်

ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်မြို့တွင် ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၃ ရက် နေ့အထိ ကျင်းပခဲ့သည့် 2025 E-sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့သည့် မြန်မာနိုင်ငံမှ Yangon Galacticos အသင်းသည် ဩဂုတ်လ ၇ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ရာ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးသည့် အောင်ပွဲရအားကစားသမားများအား သောင်းသောင်းဖြဖြကြိုဆိုကြပြီး ဂုဏ်ပြုအခမ်းအနားပြုလုပ်ခဲ့ကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့မြင်ကြရသည်။

မျက်မှောက်ကာလတွင် သတင်းအချက်အလက်နှင့်နည်းပညာမှာ နေ့စဉ်နှင့်အမျှ တိုးတက်မြင့်မားလျက်ရှိပြီး အသစ်အသစ်ပေါ်ထွက်လာသော နည်းပညာများကို ကမ္ဘာပေါ်ရှိလူငယ်လူရွယ်များအားလုံး နှစ်သက်ရာနည်းပညာများကို နေ့စဉ်အသုံးပြုလျက်ရှိသည်။ ဆန်းသစ်သော နည်းပညာအမျိုးမျိုးကို လူငယ်လူရွယ်များအနေဖြင့် အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အီလက်ထရောနစ်အားကစားနည်းကို ကမ္ဘာ့အားကစားကဏ္ဍတွင် အစောပိုင်းကာလများကတည်းက ထည့်သွင်းကျင်းပလာခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်မှစတင်၍ ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းရာမှ E-sports အားကစားနည်းသည် ထင်ရှားလာသည်။

မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်သည် ၂၀၁၉ ခုနှစ် ဆီးဂိမ်း အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အီလက်ထရောနစ်အားကစားသမားများကို လက်ရည်စစ်ရွေးချယ်ခဲ့ရာမှ လူငယ်လူရွယ်များကြားတွင် အီလက်ထရောနစ်အားကစားအပေါ် စိတ်ဝင်စားမှု မြင့်မားလာသည်။ ယခင်က အီလက်ထရောနစ်အားကစားနည်းသည် သရုပ်ပြအားကစားနည်းအဆင့်တွင်သာရှိရာမှ ၂၀၁၉ ခုနှစ် ဆီးဂိမ်းမှစတင်၍ ဆုတံဆိပ်ချီးမြှင့်သည့် ပြိုင်ပွဲအားကစားနည်းအဖြစ်ပါဝင်လာသည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်သည့် အီလက်ထရောနစ်အားကစားနည်း ခြောက်မျိုးအနက် မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံးနှင့် အားကစားသမားအင်အားအတောင့်တင်း ဆုံး DOTA 2, MLBB, VOA Game ကစားနည်းများဖြင့် စတင်ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်အနေဖြင့် E-sports အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် အီလက်ထရောနစ်အားကစားကို စိတ်ဝင်စားကြသည့် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လူငယ်လူရွယ်များ ပါဝင်ယှဉ်ပြိုင် နိုင်ရန် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်းတွင် လက်ရည်စစ်ပြိုင်ပွဲများကို လက်ခံကျင်းပပေးပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ဆုများချီးမြှင့်ပေးခဲ့သည်။ လူငယ်လူရွယ်များအနေဖြင့် မိမိတို့နှစ်သက်ရာ အီလက်ထရောနစ်နည်းအမျိုးမျိုးကို နေ့စဉ်အသုံးပြုလျက်ရှိရာတွင် အပျော်သက်သက် နေ့စဉ်အချိန်ကုန်အချည်းနှီးမဖြစ်စေဘဲ မိမိအတွက်၊ နိုင်ငံအတွက် အကျိုးရှိထိရောက်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ ယခုအခါနိုင်ငံအတွက် ဂုဏ်ယူစရာအကျိုးရလဒ်ကောင်းများကို ရရှိခဲ့ပြီဖြစ်သည်။

ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်မြို့တွင် ကျင်းပခဲ့သည့် 2025 E-sports World Cup ပြိုင်ပွဲသည် ကမ္ဘာ့အဆင့် ပြိုင်ပွဲကြီးတစ်ပွဲဖြစ်သည်။ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ပရော်ဖက်ရှင်နယ်အားကစားသမား ၅၀၀၀ ခန့်် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကြီးကျယ် ခမ်းနားသော ပြိုင်ပွဲကြီးဖြစ်သည်။ မြန်မာနိုင်ငံကိုယ်စားပြု အီလက်ထရောနစ် အားကစားအဖွဲ့အနေဖြင့် ကမ္ဘာ့အဆင့် E-sports ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ E-sports အမျိုးအစား ၂၅ မျိုးကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံကိုယ်စားပြုအသင်းသည် အိမ်ရှင်ဆော်ဒီအာရေဗျ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ နီပေါ၊ ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ တူကီယဲ၊ အီဂျစ်၊ ဘရာဇီး စသည့်လက်ရွေးစင်နိုင်ငံ ၁၆ နိုင်ငံမှ ထိပ်သီး ၂၄ သင်းနှင့်ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့ချန်ပီယံဆုကို ထိုက်တန်စွာ ရရှိခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံကိုယ်စားပြု အီလက်ထရောနစ်အားကစားအသင်းသည် 2025 E-sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံများမှ ပရော်ဖက်ရှင်နယ် အားကစားသမားများကိုကျော်ဖြတ်၍ ပွဲစဉ်တိုင်း၌ အမှတ်အမြင့်ဆုံးဖြင့် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်ရာ မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအတွက် အားတက်ဂုဏ်ယူစရာဖြစ်သလို ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့သဖြင့် နိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်ပါကြောင်း။ ။