သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ - သတ္တဝါဟူသမျှတို့သည် အစာအာဟာရပေါ်၌သာလျှင် ထောက်ရာတည်ရာ ရှိကြကုန်၏ဟု ဗုဒ္ဓကျမ်းဂန်တို့၌ လာရှိသည်နှင့်အညီ အစာအာဟာရစုံလင်ပြည့်ဝကြမှသာ ခန္ဓာအစိတ်အပိုင်းများက ကျန်းမာကြံ့ခိုင်စွာ ရှင်သန်နိုင်ကြမည် ဖြစ်သည်။ သို့ဖြစ်ရာ စိတ်ရောကိုယ်ပါ ကျန်းမာရေးနှင့် ပြည့်စုံနိုင်ကြစေရန်အတွက် အာဟာရပြည့်ဝစွာစားသုံးနိုင်ကြရန်လိုသည်။ အာဟာရပြည့်ဝစေရန် မစားသောက်တတ်ခြင်းကြောင့် အာဟာရလွန်ကဲပြီး အဝလွန်ခြင်းဖြစ်စေနိုင်သလို အာဟာရချို့တဲ့ခြင်းလည်း ဖြစ်စေနိုင်သည်။
အာဟာရအတွက် မိမိတို့နေ့စဉ်စားနေသည့် အစားအစာများတွင် ကောက်နှံများ(ဆန်၊ဂျုံ၊ ပြောင်း)၊ သစ်ဥသစ်ဖုများ (အာလူး၊ ပိန်းဥ၊ ကန်စွန်းဥ)၊ အချိုစာများ (ပျားရည်၊ သကြား)တို့က ကစီဓာတ်ကို ရရှိစေနိုင်ပြီး ဆီအမျိုးမျိုး (သီးနှံဆီ၊ တိရစ္ဆာန်ဆီ)တို့က အဆီဓာတ်ကို ရရှိစေနိုင်သည်။ ကစီဓာတ်နှင့် အဆီဓာတ်တို့သည် အင်အားကိုဖြစ်စေသော အစာအုပ်စုတွင် ပါဝင်သည်။
အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ပင်လယ်စာများ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးတို့သည် အသားဓာတ်ကိုရရှိစေနိုင်ပြီး ခန္ဓာကိုယ်ကြီးထွားစေသော အစာအုပ်စုတွင် ပါဝင်သည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများသည် ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်တို့ကို ရရှိစေပြီး အရည်အမျိုးမျိုး၊ အရည်ရွှမ်းသည့်အစာများက ရေဓာတ်ကို ရရှိစေနိုင်သည်၊၊ အဆိုပါ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နှင့် ရေဓာတ်တို့မှာ ရောဂါကာကွယ်စေသော အစာအုပ်စုတွင် ပါဝင်သည်။
အာဟာရဓာတ်ပြည့်ဝစေရန်အတွက် အထက်တွင်ဖော်ပြခဲ့သော အင်အားကိုဖြစ်စေသော အစာအုပ်စု၊ ခန္ဓာကိုယ်ကြီးထွားစေသော အစာအုပ်စုနှင့် ရောဂါကာကွယ်စေသော အစာအုပ်စုတို့မှ သုံးခုစလုံး ပါဝင်အောင် စားသောက်ကြရန်လိုသည်။ ပြောင်းလဲလာသည့် လူနေမှုပုံစံများအရ မြို့ပြဒေသများတွင် အသင့်ထုပ်ပိုးထားသော အစားအစာများ၊ အမြန်စားအစားအစာများ၊ အချိုလွန်ကဲသော အစားအစာများ ပိုမိုစားသုံးလာကြခြင်းကလည်း အာဟာရပြဿနာများကို ဖြစ်ပေါ်စေသည်။ အချိုစာများနှင့် အချိုရည်အမျိုးမျိုးတို့မှာ အာဟာရတန်ဖိုး အလွန်နည်းပါးစွာပါဝင်ပြီး ခန္ဓာကိုယ်အလေးချိန်ကို လျင်မြန်စွာ တက်လာစေကာ သွေးတွင်းအဆီကိုလည်း များလာစေသည်။
အစာအုပ်စု သုံးခုစလုံးပါဝင်အောင် နေ့စဉ်စားသောက်ကြရာတွင် မြန်မာတို့ စားသောက်ကြသည့် အစားအစာနှင့် ဓလေ့ထုံးစံအရ ပန်းကန်တစ်ဝက်တွင် ထမင်း၊ ကျန်သည့်ပန်းကန်တစ်ဝက်၏ သုံးပုံနှစ်ပုံတွင် ဟင်းသီးဟင်းရွက်နှင့် သုံးပုံတစ်ပုံတွင် အသား သို့မဟုတ် ငါး သို့မဟုတ် ဥတစ်မျိုးမျိုးဟင်းတို့စားသုံးရန် ကျန်းမာရေးပညာရှင်တို့က အကြံပြုထားသည်။ ထမင်းသည် အင်အားဖြစ်စေသော အစာအုပ်စုတွင်ပါဝင်ပြီး ဟင်းသီးဟင်းရွက်သည် ရောဂါကာကွယ်သော အုပ်စု၊ အသား၊ ငါး၊ ဥဟင်းတို့မှာ ခန္ဓာကိုယ်ကြီးထွားစေသောအုပ်စုတို့တွင်ပါဝင်သည်။ ထို့အပြင် အိုင်အိုဒင်းဆားကို သုံးစွဲခြင်း၊ ရေကိုလုံလောက်အောင်သောက်ခြင်း၊ အဆီ၊ အချို၊ အငန်တို့ကို မလွန်ကဲအောင် ဆင်ခြင်စားသုံးခြင်း၊ သန့်ရှင်းလတ်ဆတ်၍ အန္တရာယ်ကင်းသော သဘာဝအစားအစာများကို ရွေးချယ်စားသုံးခြင်းတို့ကို အလေးဂရုပြုဆောင်ရွက်ကြရမည်လည်းဖြစ်သည်။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရပြည့်ဝသည့် အစားအစာကို ပို၍စားရန်၊ မွေးကင်းစမှ ကလေးအသက် (၆)လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးရန်၊ အသက်(၆)လမှစ၍ အာဟာရ ပြည့် ဖြည့်စွက်စာအမျိုးမျိုးကို အရွယ်အလိုက် စုံလင်စွာကျွေးပြီး ကလေး(၂)နှစ်အထိ မိခင်နို့တိုက်ကျွေးရန်၊ ကလေးများနှင့် ပျိုဖော်ဝင်အရွယ်များ အစွမ်းကုန်ကြီးထွားဖွံ့ဖြိုးစေရန်အတွက် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာပို၍ကျွေးရန်၊ သက်ကြီးဘိုးဘွားဘဝတွင် အာဟာရဓာတ်ကြွယ်ဝသည့် အစာများရွေးချယ်စားသုံးရန်တို့ကို လည်း အသိပညာပေးထားသည်။
မြန်မာနိုင်ငံသည် ရေမြေသဘာဝကောင်းမွန်ပြီး စားရေရိက္ခာထုတ်လုပ်သည့် နိုင်ငံဖြစ်သည့်အလျောက် နိုင်ငံသူနိုင်ငံသားတို့ စားသမျှ ထုတ်လုပ်ပေးနိုင်သည့် နိုင်ငံမျိုးဖြစ်သည်။ အစာအာဟာရ ပြည့်ဝအောင်စားသုံးကြရာတွင် ငွေကြေးတန်ဖိုးနည်းပါးသော်လည်း အာဟာရတန်ဖိုးကြီးမားသည့် အစားအစာများစွာလည်းရှိနေရာ အာဟာရပြည့်ဝစွာစားသောက်ခြင်းအားဖြင့် ကျန်းမာသက်ရှည် ကြပါစေကြောင်း။ ။