နိုင်ငံတော်က အားကစားကဏ္ဍကို အရှိန်အဟုန်မပျက် အားပေးထောက်ပံ့မှုနှင့်အတူ လူငယ်များစွမ်းအားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ဖော်ဆောင်လျက်ရှိရာ မြန်မာနိုင်ငံမှ Yangon Galacticos (YG) အသင်းသည် E-sports World Cup ပြိုင်ပွဲတွင် ဥရောပနှင့်အာရှနိုင်ငံများမှ ပရော်ဖက်ရှင်နယ်ကစားသမားများကို ကျော်ဖြတ်၍ ကမ္ဘာ့ချန်ပီယံဆု ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ရာ အသင်း၏ ဂုဏ်ယူဝမ်းမြောက်ဖွယ် ရင်တွင်းပီတိစကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
ဒေါက်တာကောင်းမြတ်စံ
(မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ)
မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်ကို ၂၀၁၇ ခုနှစ်မှာစပြီး တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဆီးဂိမ်းကစပြီးတော့ ၂၀၂၁ ခုနှစ် ဗီယက်နမ်ဆီးဂိမ်း၊ ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ ဆီးဂိမ်းတွေမှာလည်း ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၂၃ အာရှဂိမ်းပြိုင်ပွဲမှာလည်း အာရှအဆင့် နံပါတ် ၅ မှာရှိနေခဲ့ပါတယ်။ ကမ္ဘာ့အဖွဲ့ချုပ်ကကျင်းပတဲ့ World E-sport Championship(WEC) ပြိုင်ပွဲမှာလည်း Dota 2 ဂိမ်းကစားနည်းမှာ ကမ္ဘာ့အဆင့် ၂ ကို အောင်မြင်မှုရရှိခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာတော့ E-sports World Cup PUBG Mobile ပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံဆုဖြစ်တဲ့ ကမ္ဘာ့ဖလားကြီးကို မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ E-sports အားကစားနည်းကနေ နိုင်ငံနဲ့ပြည်သူအတွက် လက်ဆောင်မွန်အဖြစ် ဆွတ်ခူးသယ်ဆောင်ခဲ့ပါတယ်။ အခုပြိုင်ပွဲမှာ ကမ္ဘာ့အကောင်းဆုံးနိုင်ငံက ကစားသမားတွေကို ကျော်ဖြတ်ပြီး အောင်မြင်မှုသရဖူကို မြန်မာနိုင်ငံက ရရှိခဲ့တာပါ။ ဒါဟာ အောင်မြင်မှုသမိုင်းကြောင်းကို ရေးထိုးနိုင်ခဲ့တာပါ။
အခုလိုပြိုင်ပွဲမှာ အောင်မြင်မှုရအောင်နဲ့ နိုင်ငံအတွက် ဆုတစ်ခုကို ရအောင်ယူဆောင်ခဲ့ဖို့ မှာကြားရင်း အဘက်ဘက်က ကူညီထောက်ပံ့ပေးခဲ့တဲ့ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ E-sports အားကစားနည်းတစ်ရပ်အဖြစ် ယှဉ်ပြိုင်နိုင်အောင် အသိအမှတ်ပြုပေးတဲ့ နိုင်ငံတော်အကြီးအကဲ၊ ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အားပေးကူညီခဲ့တဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အားကစားကို ချစ်မြတ်နိုးတဲ့ ပြည်သူအပေါင်းကို ဤနေရာကနေ ဂါရဝပြုဦးခိုက်ပါတယ်။
ဆက်လက်ပြီး နိုင်ငံ၊ ပြည်သူနဲ့ အသင်းအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားသွားပါ့မယ်လို့ ပြောကြားလိုပါတယ်။ အသင်းရဲ့ ညီညွတ်မှုစွမ်းအားနဲ့ ကမ္ဘာ့ချန်ပီယံဆုအတွက် ဖော်မပြနိုင်အောင် ဝမ်းသာဂုဏ်ယူရပါတယ်။
ဦးကောင်းမြတ်ထွန်း (Yangon Galacticos – YG တည်ထောင်သူ)
လူငယ်တွေမှာ စွမ်းရည်ကိုယ်စီရှိကြပါတယ်။ အဲဒါကို မြှင့်တင်ဆောင်ရွက်ပေးဖို့လိုပါတယ်။ ကျွန်တော်တို့အသင်းကို အကောင်းဆုံးပြုစုပျိုးထောင်ခဲ့ပါတယ်။ အခုပြိုင်ပွဲမှာ အခက်အခဲမျိုးစုံရှိပေမယ့် အသင်းအနေနဲ့ နေရာတစ်နေရာဖြစ်စေ၊ ဆုတစ်ခုဖြစ်စေ ရရမယ်ဆိုတဲ့စိတ်နဲ့ယှဉ်ပြိုင်ခဲ့ကြတာပါ။ ကမ္ဘာ့အဆင့်ရှိတဲ့အသင်းတွေကို ကျော်ဖြတ်ပြီး နိုင်ငံ့ဂုဏ်ဆောင်ဆုဖလားကြီးကိုဆွတ်ခူးခဲ့တာပါ။ ဆုရဖို့ မမျှော်မှန်းထားပေမယ့် ညီငယ်တွေရဲ့ စုပေါင်းအား၊ စွမ်းဆောင်ရည်ကြောင့်သာ အောင်မြင်မှုရခဲ့တာပါ။ မြန်မာ့အရည်အချင်းကို ကမ္ဘာ့ အလယ်မှာ ချပြနိုင်ခဲ့တဲ့အတွက် အသင်းအတွက်လည်း ဂုဏ်ယူပါတယ်။
မြန်မာလူငယ်တွေမညံ့ဘူးဆိုတာ ကမ္ဘာ့အလယ်မှာ ချပြဖို့ အားကစားသမားများစွာရှိနေပါတယ်။ လူငယ်တွေအိပ်မက်ကို အကောင်အထည်ဖော်ပေးနိုင်တဲ့အပေါ်လည်း အားရကျေနပ်မှုရှိပါတယ်။ ပြိုင်ပွဲနောက်ဆုံးမှာ အသင်းကနိုင်ပြီဆိုတာ သိလိုက်တဲ့အချိန်ဟာ ဘယ်အရာနဲ့မှ လဲလို့မရတဲ့ခံစားမှုကို ညီလေးတွေနဲ့ထပ်တူ ခံစားခဲ့ရပါတယ်။ အမှတ်တရလည်း ဖြစ်ခဲ့ပါတယ်။ ရှေ့ဆက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်မယ့် အားကစားပွဲတွေ အသင့်ရှိနေပါတယ်။ ဆက်လက်ပြီး ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။
စွမ်းဝင့်မောင် (ကမ္ဘာ့ချန်ပီယံ - Smile)
အခုပွဲမှာ ကမ္ဘာ့ချန်ပီယံဆုရရှိမယ်လို့ မမျှော်မှန်းခဲ့ပါဘူး။ အသင်းအနေနဲ့ အကောင်းဆုံးကစားသွားမယ်ဆိုတဲ့စိတ်နဲ့ ယှဉ်ပြိုင်ခဲ့တာပါ။ တကယ့်နိုင်ငံကြီးတွေက ပရော်ဖက်ရှင်နယ်တွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ သင်ကြားမှုအပိုင်းမှာ နည်းပြနဲ့လူကြီးတွေ ပြောဆိုမှုအတိုင်း လုပ်ဆောင်ခဲ့တာကြောင့် ပြိုင်ပွဲမှာ အောင်မြင်မှုရခဲ့တာပါ။ နိုင်ငံအတွက် ကမ္ဘာ့ချန်ပီယံဆုကို ထွေးပွေ့နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူတယ်။ အသင်းက ညီအစ်ကိုတွေအားလုံးကိုလည်း ကျေးဇူးတင်တယ်၊ သူတို့အတွက်လည်း ဝမ်းသာတယ်။
ဆက်လက်ပြီးတော့လည်း ပြိုင်ပွဲတွေ ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။ ကျွန်တော်တို့ကို အခုလိုကြိုဆိုလိမ့်မယ်လို့မထင်ထားဘူး။ တွေ့လိုက်ရတော့ ဝမ်းနည်းဝမ်းသာဖြစ်ရပါတယ်။ အခုလိုမျိုးအောင်မြင်မှုရရှိအောင် ဝိုင်းဝန်းပံ့ပိုးဖြည့်ဆည်းပေးခဲ့တဲ့ မိဘနှစ်ပါးကို အထူးကျေးဇူးတင်ပါတယ်။ နိုင်ငံတော်က တာဝန်ရှိသူတွေနဲ့ အသင်းအတွက် အားပေးကူညီသူအားလုံးကို လေးလေးစားစား ကျေးဇူးတင်ပါတယ်။
မောင်ခန့်ဇော်ဟိန်း (ကမ္ဘာ့ချန်ပီယံ - Romeo)
အခုပွဲမတိုင်မီ အခြားပြိုင်ပွဲတွေမှာလည်း အသင်းက ညီညီညွတ်ညွတ်နဲ့ ပြိုင်ဆိုင်ပြီး ကမ္ဘာ့ချန်ပီယံပွဲအတွက် ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၀၀ ကျော်က အသင်းပေါင်း ၂၄ သင်းမှာ ၁၆ သင်း၊ ရှစ်သင်းကနေ နောက်ဆုံး final ပြိုင်ပွဲမှာ တရုတ်၊ မွန်ဂိုလီးယားနဲ့ အပြိုင်အဆိုင် ယှဉ်ပြိုင်ခဲ့ရပါတယ်။ ကမ္ဘာ့အဆင့် ၅ နေရာအတွက် ကစားရင်း နိုင်ငံအတွက် အောင်မြင်မှုတစ်ခုခုရအောင် ကစားမယ်လို့ သူငယ်ချင်းတွေနဲ့ လက်ချင်းချိတ်ကတိပြုကစားခဲ့တာ ကမ္ဘာ့ချန်ပီယံဆုကို ရခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ကမ္ဘာ့ချန်ပီယံဆုကို ရလိုက်ပြီလို့ သိလိုက်တဲ့အချိန်မှာ ရင်ထဲတော်တော်လေးခံစားရတယ်။ အခြားအားကစားသမားတွေ အောင်မြင်မှုကြောင့် မျက်ရည်လည်တယ်ဆိုတာ ဒါပါလားလို့ ခံစားမှုဝင်လာပါတယ်။ အောင်မြင်မှုကြောင့် ပျော်တယ်။ နိုင်ငံ့ဂုဏ်ဆောင်ဆုကိုရရှိပြီး အလံတော်ကိုလွှမ်းခြုံခွင့် ရတဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာပီတိဖြစ်ရပါတယ်။
ရန်ကုန်လေဆိပ်ကိုရောက်တော့ မထင်ထားဘဲလာရောက်ကြိုဆိုမှုကို အထူးကျေးဇူးတင်ပါတယ်။ ချန်ပီယံဆုဟာ လွယ်လွယ်နဲ့ရခဲ့တာ မဟုတ်တဲ့အတွက် သင်ကြားပေးခဲ့တဲ့ ဆရာတွေ၊ စိတ်ဓာတ်မကျအောင် လမ်းပြပေးတဲ့အစ်ကိုတွေနဲ့အသင်းသားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ လူငယ်တွေအနေနဲ့ အောင်မြင်မှုလိုချင်ရင် ဇွဲရှိရှိနဲ့ ကြိုးစားအားထုတ်ဖို့ တိုက်တွန်းလိုပါတယ်။ နိုင်ငံတော်ကတာဝန်ရှိသူတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။
မောင်ဆောင်းဝေဖြိုး (ကမ္ဘာ့ချန်ပီယံ - Marnett)
ပြိုင်ပွဲမှာ ခက်ခက်ခဲခဲနဲ့ပြိုင်ခဲ့ရပြီး အသင်းရဲ့စုပေါင်းအားနဲ့ အောင်မြင်မှုရခဲ့တာပါ။ အမှားတွေကို ချက်ချင်းပြင်ပြီး မှန်းထားတဲ့အဆင့် ၅ ကနေ စိတ်ကိုအေးအေးထားပြီး နိုင်ငံကြီးက အသင်းတွေကို ကျော်ဖြတ်ပြီး ကမ္ဘာ့ချန်ပီယံဆုကြီးကို ရရှိခဲ့ပါတယ်။ အခုလိုပြိုင်ပွဲဆိုတာ နိုင်ငံက အကောင်းဆုံးအသင်းတွေပဲ လာရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ကမ္ဘာ့ဂိမ်းပြိုင်ပွဲဖြစ်တဲ့အတွက် ယှဉ်ပြိုင်မှုကြီးမားပါတယ်။ ပြိုင်ပွဲကိုကြည့်ရင်သိနိုင်ပါတယ်။ ကျွန်တော်တို့ကို တခမ်းတနား ကြိုဆိုပေးတဲ့ပြည်သူတွေနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကို အားပေးကူညီထောက်ပံ့ပေးတဲ့ ကမ္ဘောဇဘဏ်ကိုလည်း ကျေးဇူးတင်ပါတယ်။ အမြဲကူညီပေးနေတဲ့ မိဘနှစ်ပါးနဲ့ E-sports ဖန်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဆုရခဲ့တဲ့အတွက် ပျော်လည်းပျော်တယ်၊ ဂုဏ်လည်းယူပါတယ်။ ဆက်ပြီးကြိုးစားသွားမှာပါ။
မောင်ကောင်းခန့်အောင် (ကမ္ဘာ့ချန်ပီယံ- SAYCLOUD)
ကျွန်တော်တို့လေးဦးမှာ ပထမတစ်ဦးက ဘယ်နေရာမှာ ရန်သူတွေရှိလဲလို့ ကြည့်ရတဲ့ စကောက်တစ်ဦး၊ ဒုတိယတစ်ဦးက ဘယ်လိုတွေ လုပ်ရမယ်လို့ညွှန်ကြားတဲ့ ခေါင်းဆောင်၊ တတိယတစ်ဦးက လိုက်လံတိုက်ခိုက်ရတဲ့သူ၊ စတုတ္တတစ်ဦးက လိုအပ်တာတွေကို လိုက်လံဖြည့်ဆည်းပေးရတဲ့သူအဖြစ် လေးဦးယှဉ်ပြိုင်ခဲ့ပါတယ်။ အရင်ကတည်းက အသင်းတစ်ခုထက် ညီအစ်ကိုလို တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီမှုစိတ်ထားနဲ့ လက်တွဲခဲ့ကြတာကြောင့် စုပေါင်းတိုက်ခိုက်တဲ့အခါမှာ အောင်မြင်မှုရခဲ့တာပါ။ နိုင်ငံကြီးတွေက အတော်ဆုံးပရော်ဖက်ရှင် နယ်တွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ ဆုရဖို့မမျှော်မှန်းပေမယ့် နေရာတစ်ခုမှာ ရှိနေရမယ်ဆိုတဲ့စိတ်က အားလုံးရင်ထဲမှာရှိခဲ့ပါတယ်။ ကမ္ဘာ့ချန်ပီယံဆုရပြီလို့ သိလိုက်ရတဲ့အချိန်ဟာ အိပ်မက်များ မက်နေတာလားလို့ ထင်မိပါသေးတယ်။ ဘေးဝန်းကျင်ပရိသတ်တွေမြင်နေရတော့ ပြိုင်ပွဲ ဆိုတာသိရပြီး ရင်ထဲမှာ ပြန်ပြီးပြောပြလို့မရတဲ့ ဝမ်းသာမှုကို ကျွန်တော်တို့အားလုံး ခံစားလိုက်ရပါတယ်။
အခုအောင်မြင်မှုဟာ လူငယ်တွေအတွက် ပိတ်နေတဲ့လမ်းကို ဖွင့်ပေးနိုင်ခဲ့မှုအပေါ် ဝမ်းသာကြည်နူးဖြစ်ရပါတယ်။ ကြိုးစားမယ်ဆိုရင် ဇွဲရှိရှိနဲ့ မဆုတ်မနစ်လုပ်ဆောင်ဖို့လိုပါတယ်။ ရန်ကုန်လေဆိပ်ကိုရောက်တော့ အခုလိုစည်စည်ကားကားနဲ့ ကြိုဆိုမယ်လို့ မထင်ထားပါဘူး။ အခုလိုကြိုဆိုအားပေးမှုအပေါ် နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူတွေအားလုံးနဲ့ မိဘပြည်သူများကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။
ထိုသို့သော အောင်မြင်မှုသည် လူငယ်များက အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်စွမ်းဆောင်ပေးနိုင်မှုအား မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပြီး မျိုးဆက်သစ်လူငယ်တို့၏ အနာဂတ်သည် အားကစားကဏ္ဍ မြှင့်တင်စွမ်းဆောင်မှုဖြင့် အောင်မြင်မှုအသီးအပွင့်များ ဝေဆာလန်းဆန်းသင်းပျံ့လာမည်မှာ အမှန်ပင်ဖြစ်သည်။
အင်တာဗျူး - သစ္စာ(MNA) ၊ ဓာတ်ပုံ - ဇွဲမာန်