ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာသည့်ဘဝကို လူတိုင်းအလိုရှိကြသည်။ လိုအင်ဆန္ဒတို့ တစ်လုံးတစ်ဝပြည့်စုံကြသည့်အခါ ဖြစ်တည်လာသည့်ဘဝတွင် ပျော်ရွှင်ကြသည်။ မေတ္တာသည် တစ်ပါးသူတို့၏အကျိုးကို လိုလားပြီး သတ္တဝါမှန်သမျှ ပျော်ရွှင်ချမ်းမြေ့စေလိုသည့်ဆန္ဒဖြစ်သည်။ တစ်ပါးသူတို့၏လိုအပ်ချက်ကို သိနားလည်သည့်အလျောက် ဖြည့်ဆည်းပေးလိုခြင်းနှင့် သတ္တဝါတိုင်းအပေါ် အညီအမျှ ဖြန့်ဝေနိုင်ခြင်းတို့မှာ မေတ္တာ၏သဘောများပင်ဖြစ်သည်။
မေတ္တာသည်ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်ရာ အဒေါသသည် မေတ္တာဖြစ်သည်။ သောဘဏစေတသိက်ထဲတွင်ပါသည့် အဒေါသစေတသိက်တရားသည် မေတ္တာပင်ဖြစ်သည်။ ဇနီးမောင်နှံ၊ မိဘနှင့် သားသမီး၊ ညီအစ်ကိုမောင်နှမတို့အကြားမှ ချစ်ခြင်းကို မေတ္တာနှင့် ရောထွေးတတ်ကြသော်လည်း စင်စစ်အားဖြင့် ၎င်းတို့မှာ တဏှာပေမကို အရင်းခံသည့်ချစ်ခြင်းတို့သာလျှင်ဖြစ်ကြသည်။ တဏှာပေမ မကင်းသည့်ချစ်ခြင်းတို့မှာ ပူပန်မှု၊ ပူလောင်မှုတို့ ရှိနေပြီး ဘာဝနာမှ လာသည့် ချစ်ခြင်းမှာမူ သန့်ရှင်းစင်ကြယ်၍ အေးချမ်းသည်။ တဏှာ ပေမသည် တစ်ပါးသူတို့အပေါ် မူတည်နေသကဲ့သို့ မှီခိုမှု၊ တွယ်တာမှုများရှိသလို မိမိကိုလည်း တစ်ပြန်တစ်လှည့်တုံ့ပြန်မှုကို အလိုရှိသည်။ မိမိမျှော်လင့်ထားသည့် တုံ့ပြန်မှုကို မရသည့်အခါ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း၊ ဒေါသထွက်ခြင်းတို့ ခံစားကြရသည်။ မေတ္တာတရားကမူ ဘာကိုမှ မျှော်လင့်ခြင်းမရှိ။ အားလုံးအပေါ် သိနားလည်ပြီး အညီအမျှ ဖြန့်ဝေနိုင်ခြင်းကြောင့် မည်သူ့အပေါ်တွင်မှ မမှီခို။ မေတ္တာထားခြင်းသည်သာ မိမိ၏ တရားဖြစ်ပြီး မည်သို့တုံ့ပြန်သည်ဆိုသည်မှာ သူ့တရားသာဟု သဘောထားနိုင်ကြသည်။
ဗုဒ္ဓဘာသာတွင် သတ္တဝါအားလုံးတို့အပေါ် မေတ္တာထားခြင်းမှာ အလေ့အကျင့်တစ်ရပ်ပင်ဖြစ်ပြီး လူတိုင်းလေ့ကျင့်၍ရသည်။ မိမိကိုယ်ကိုယ်ဖြည့်ကျင့်ခြင်းနှင့် သူတစ်ပါးတို့အပေါ် မေတ္တာထားရှိခြင်း အလေ့အကျင့်များ မိမိနှင့်တစ်သားတည်းဖြစ်လာသည့်အခါ လက်တွေ့အကျိုးတရားများလည်း အလိုအလျောက်ဖြစ်ပေါ်လာမည်ဖြစ်သည်။ မေတ္တာဘာဝနာကျင့်ကြံမည့်သူသည် မိမိကိုယ်ကိုယ်ဖြည့်ကျင့်ရန် (၁၅)ချက်ကို ခေတ်စကားနှင့်ဆိုရလျှင် ကောင်းမှုပြုနိုင်စွမ်းသူဖြစ်ရန်၊ ပြုမူပြောဆိုမှု ရိုးသားဖြောင့်မတ်ရန်၊ စိတ်ဓာတ်အားဖြင့်လည်း ရိုးသားဖြောင့်မတ်ရန်၊ ကောင်းသောအကြံပေးဆုံးမမှုတို့ကို နာခံ လွယ်သူဖြစ်ရန်၊ ယဉ်ကျေးသိမ်မွေ့ရန်၊ ရှိတာနှင့်ကျေနပ်ပြီး ဇီဇာမကြောင်ရန်၊ သူများ၏ ကူညီစောင့်ရှောက်မှုအပေါ် ကျေနပ်နှစ်သက်နိုင်ရန်၊ မလိုအပ်သည့်အပိုကိစ္စများ တတ်နိုင်သမျှ မလုပ်ရန်၊ ဟိတ်ကြီး ဟန်ကြီးမလုပ်ရန်၊ ဣန္ဒြေသိက္ခာရှိရန်၊ ရင့်ကျက်သောပညာနှင့် ပြည့်စုံရန်၊ ကြမ်းတမ်းခက်ထန်သူမဖြစ်စေရန်၊ ပုဂ္ဂိုလ်စွဲ၍ ဘက်လိုက်သူ မဖြစ်ရန်၊ မကောင်းမှုဟူသမျှ အသေးအဖွဲ့ပင်ဖြစ်စေကာမူ မပြုလုပ်ရန်ဟူ၍ဖြစ်သည်။ ဆိုခဲ့ပါအချက်တို့နှင့် ပြည့်စုံသူတစ်ယောက်သည် မည်သို့သော လူ့အသိုင်းအဝိုင်း၊ မည်သည့်ပတ်ဝန်းကျင်၌မဆို အများ၏အလေးဂရုပြုခြင်းကို အသေအချာရရှိနိုင်မည်မှာ ဧကန် မလွဲပင်ဖြစ်သည်။
မိမိကိုယ်မိမိ ဖြည့်ကျင့်ပြီးသည့်အခါ သတ္တဝါအားလုံး ချမ်းသာသုခပြည့်ဝကြပါစေ၊၊ ဘေးရန်ကင်းကြပါစေ၊၊ စိတ်ချမ်းသာမှုနှင့် ပြည့်စုံကြပါစေ၊၊ တစ်ယောက်နှင့်တစ်ယောက် အငြိုးအတေးထားခြင်း ကင်းပါစေ၊၊ တစ်ယောက်ကတစ်ယောက်ကို နှိမ့်ချအထင်သေး စော်ကားခြင်း၊ မုန်းတီးခြင်းတို့ ကင်းပါစေ၊ တစ်ဦးဆင်းရဲဒုက္ခရောက်မည်ကို တစ်ဦးကမလိုလားပါစေနှင့်၊ တစ်ဦးတည်းသော သားကို မွေးထားသည့် မိခင်သည် ထိုသားကို အသက်တမျှ စောင့်ရှောက်ချစ်ခင်သကဲ့သို့ သတ္တဝါအားလုံးတို့အပေါ် မေတ္တာထားနိုင်ပါစေ။ အရပ်မျက်နှာအားလုံးရှိ သတ္တဝါအားလုံး ချမ်းသာပါစေ၊ ဘေးကင်းပါစေ၊၊ ကျဉ်းမြောင်းခွဲခြားသည့်စိတ်ဓာတ်မျိုးမရှိဘဲ တစ်ပြေးညီ မေတ္တာပွားနိုင်ပါစေ၊၊ မေတ္တာဘာဝနာပွားသူသည် ဘေးရန်မရှိ။ အိပ်ချိန်မှတစ်ပါး အချိန်တိုင်းတွင် မေတ္တာပွားပြီး သတိဖြင့် ဆောက်တည်နေထိုင်ခြင်းသည် မြတ်သောနေခြင်းဖြစ်သည်ဟူ၍ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ရဟန်းတို့အား သင်ကြားပေးခဲ့သည့် မေတ္တသုတ်တွင် ပါရှိသည်။
ယနေ့ ဝါခေါင်လပြည့်သည် မေတ္တာအခါတော်နေ့ဖြစ်ရာ လူတိုင်း မေတ္တာဘာဝနာပွားများကာ ဗြဟ္မဝိဟာရအကျင့်မြတ်ကို ဆောက်တည်နေထိုင်ကြခြင်းဖြင့် မိမိနှင့်တကွ မိမိနေထိုင်ရာ ပတ်ဝန်းကျင်တစ်ခုလုံး မေတ္တာဓာတ်လွှမ်းခြုံ၍ အေးချမ်းသာယာပါစေကြောင်း။ ။