နေပြည်တော် ဩဂုတ် ၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy သို့ ရောက်ရှိပြီး စာကြည့်တိုက်ရှိစာအုပ်စာရင်းများ စနစ်တကျထားရှိမှု၊ Online Public Access (OPAC) ကက်တလောက် စနစ်၊ Self-check ဖြင့် ကိုယ်တိုင်စာအုပ်များ ငှားနိုင်သည့်စနစ် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
လှည့်လည်ကြည့်ရှု
ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက စာကြည့်တိုက်အသုံးပြုသည့် ကျောင်းသား ကျောင်းသူစာရင်းမှတ်တမ်းများကို ကွန်ပျူတာနှင့် စနစ်တကျထားရှိ ဆောင်ရွက်ရန်၊ ကျောင်းသား ကျောင်းသူများ ရည်ညွှန်းကိုးကားအသုံးပြုနိုင်ရန်အတွက် ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများ ဖြည့်ဆည်းထားရှိရေးတို့ကိုမှာကြားကာ ပင်မဆောင်အတွင်း လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် Naypyitaw State Academy အတွင်း ဘွဲ့နှင်းသဘင်ခန်းမတည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေသည့် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သတ်မှတ်ထားသည့်ကာလအတွင်း တည်ဆောက်ပြီးစီးရန်မှာကြားပြီး ဘွဲ့နှင်းသဘင်ခန်းမ ဆောက်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် လေးထပ်စာသင်ဆောင်ရှိ သိပ္ပံလက်တွေ့ခန်းများနှင့် စာသင်ခန်းများတွင် စာတွေ့လက်တွေ့သင်ယူနေကြသည့် ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ မိမိတို့စိတ်ဝင်စားသည့် ဘာသာရပ်များကို ပိုင်နိုင်စွာနားလည်တတ်ကျွမ်းအောင် လေ့လာသင်ယူခြင်းဖြင့် မိမိတို့၏အနာဂတ်ကောင်းများ ရရှိနိုင်မည်ဖြစ်ပြီး ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားလှုပ်ရှားမှုများကိုလည်း စိတ်ပါဝင်စားစွာဆောင်ရွက်ကြရန် အားပေးစကားပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်