မန္တလေး ဩဂုတ် ၆
မင်းတုန်းမင်းတရားကြီး တည်ထားတော်မူခဲ့သည့် အောင်မြေသာစံမြို့နယ်ရှိ မဟာလောက မာရဇိန် ကုသိုလ်တော်မြတ်စွာဘုရား မဟာရံတံတိုင်းအတွင်းရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် မုခ်ဦးနှင့်ကျောက်စာ ဓမ္မစေတီတော်များ ပြန်လည်ပြုပြင်မွမ်းမံရန် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ မဟာလောကမာရဇိန် ကုသိုလ်တော်မြတ်စွာဘုရား၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်ပရိယတ္တိသာသန တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဒေါက်တာ ဘဒ္ဒန္တကေသရဆရာတော် အမှူး ပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သင်္ကန်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေများကိုပေးအပ်လှူဒါန်းရာ မဟာလောက မာရဇိန်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားနာယူခဲ့ကြသည်။ ယနေ့လှူဒါန်းမှုတွင် အလှူရှင်များမှ စုစုပေါင်းလှူဒါန်း ငွေကျပ် ၄၉၈၅ သိန်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့အတူ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်ရှိ ရေတံခွန်တောင်စီးတီး၌ DAGUN International School ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်