နေပြည်တော် သြဂုတ် ၆
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးနှင့် China Foundation for Rural Develop-ment (CFRD) တို့က တရုတ် - မြန်မာ ချစ်ကြည်ရေးကျောင်းများသို့ ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး မစ္စမာကျားနှင့် တာဝန်ရှိသူများ၊ CFRD အဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စမာကျားက ကျောင်းသုံးပစ္စည်းများ လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ကျောင်းသား ကျောင်းသူလေးများက တေးသရုပ်ဖော်အကများဖြင့် ဖျော်ဖြေတင်ဆက်ကပြကြကာ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြောကြားပြီး တာဝန်ရှိသူများက အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးထံ ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းကြသည်။
အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးနှင့် သံအမတ်ကြီးတို့သည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၇)အခြေခံပညာ အထက်တန်းကျောင်းများရှိ တရုတ်-မြန်မာ ချစ်ကြည်ရေးအားကစားကွင်းများ၌ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာဆော့ကစားနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်