Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဝန်ထမ်းများနေထိုင်သည့် Container House များ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရုံးအမှတ်(၂၃)ဝင်းအတွင်း၌ ဝန်ထမ်းများ ယာယီနေထိုင်ရန် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးသော Container House များတွင် နေထိုင်သည့် ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ထုတ်ပြန်ထားရှိသည့် စည်းကမ်းချက်များနှင့်အညီ စနစ်တကျနေထိုင်ရန်၊ ယာယီနေထိုင်စဉ်ကာလအတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ပူးပေါင်းဆောင်ရွက်ရန်၊ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်နေထိုင်ရန်မှာကြားပြီး ဝန်ထမ်းအိမ်ထောင်စု ၁၂၃ စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်တစ်သိန်းနှုန်းနှင့် ဆိုလာမီးအိမ်တစ်လုံးစီကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ဝန်ထမ်းနှင့်မိသားစုဝင်များ နေထိုင်မှုအခြေအနေ၊ ရေအိမ်ရေချိုးခန်းများ စနစ်တကျဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်မီးများသွယ်တန်းထားရှိမှုနှင့် စားဖိုဆောင်များ စီစဉ်ဆောင်ရွက်ထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ ယာယီနေထိုင်ရန် Container House နှစ်ခန်းတွဲ ၁၆ လုံး၊ တစ်ခန်းတွဲ ၁၀၇ လုံး စုစုပေါင်း ၁၂၃ လုံး တည်ဆောက်ပေးထားကြောင်း သိရသည်။

သတင်းစဉ်