Skip to main content

စွမ်းအင်ဝန်ကြီးဌာန ကုန်းတွင်းလုပ်ကွက် IOR-4 (ပြည်ဒေသ) ဧရိယာ - ၁၊ IOR-6 (မြန်အောင်ဒေသ) ဧရိယာ - ၃ နှင့် IOR -7 (ရွှေပြည်သာဒေသ) ဧရိယာ - ၂ တို့တွင် တိုးတက်ထွက်ရှိလာသော ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်များ လက်မှတ်ရေးထိုး

နေပြည်တော် ဩဂုတ် ၆

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် HNA Myanmar Oil & Gas Ltd. တို့အကြား ကုန်းတွင်းလုပ်ကွက် IOR-4 (ပြည်ဒေသ) ဧရိယာ - ၁ နှင့် IOR-6 (မြန်အောင်ဒေသ) ဧရိယာ- ၃ တို့အတွက်လည်းကောင်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် Future Engineering & Gold, Mining Co., ltd. တို့အကြား IOR-7 (ရွှေပြည်သာဒေသ) ဧရိယာ - ၂ အတွက်လည်းကောင်း ရေနံအထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပသည်။

လက်မှတ်ရေးထိုးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဦးစီးဌာန/ လုပ်ငန်းများမှ တာဝန်ရှိသူများ၊ HNA Myanmar Oil & Gas Ltd. နှင့် Future Engineering & Gold, Mining Co., ltd. တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍသည် အရေးကြီးပါကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏ စီးပွားဖွံ့ဖြိုးတိုးတက်လာမှုတွင် စွမ်းအင်ကဏ္ဍသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်အနက် “နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး ဦးတည်ချက်ပါဝင်သည်ဖြစ်ရာ အဆိုပါဦးတည်ချက်အောင်မြင်စေရေးအတွက် စွမ်းအင်ကဏ္ဍသည် အထူးအရေးပါလျက်ရှိပါကြောင်း။

စိုက်ပျိုးရေးအတွက် လိုအပ်သည့်ဓာတ်မြေဩဇာနှင့် စက်မှုကဏ္ဍမြှင့်တင်ရေးအတွက် အရေးပါသည့် လျှပ်စစ်ဓာတ်အားရရှိရေးသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှုအပေါ်တွင် များစွာတည်မှီနေသောကြောင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နည်းလမ်းမျိုးစုံအသုံးပြု၍ ကြိုးစားဆောင်ရွက်လျက်ရှိရာ သက်တမ်းရင့်ရေနံမြေများမှ ကုန်းတွင်းလုပ်ကွက် (၁၀) ကွက်ကို တိုင်းရင်းသားလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ တိုးတက်ထွက်ရှိလာသော ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်ဖြင့် လုပ်ငန်းများဆောင်ရွက်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ်ခွင့်ပြုပေးခဲ့သည့် လုပ်ကွက်အနေဖြင့် ယခုအချိန်တွင် သဘာဝဓာတ်ငွေ့များထုတ်လုပ်နေပြီး ယင်းဒေသ၏ လျှပ်စစ်မီးရရှိရေးအတွက် အသုံးပြုလျက်ရှိနေပြီဖြစ်ပါကြောင်း၊ ယနေ့စာချုပ်ချုပ်ဆိုမည့် ပြည်ရေနံမြေ၊ မြန်အောင်ရေနံမြေနှင့် ရွှေပြည်သာ ရေနံမြေတို့သည် ပြည်အနည်ကျ ချိုင့်ဝှမ်းကြီးအတွင်း တည်ရှိသည်ဖြစ်ရာ အစဉ်အလာကောင်းများနှင့် အလားအလာကောင်းများရှိသည့် ရေနံမြေများဖြစ်သဖြင့် ခေတ်မီနည်းပညာများ၊ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ရှာဖွေခြင်း၊ အကဲဖြတ်ခြင်း၊ တူးဖော်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် HNA Myanmar Oil & Gas Ltd. နှင့် Future Engineering & Gold, Mining Co., ltd., တို့မှ တာဝန်ရှိသူများက တိုးတက်ထွက်ရှိလာသော ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်များချုပ်ဆိုနိုင်ခဲ့ခြင်းအတွက် ကျေးဇူးတင်စကားပြောကြားပြီး တာဝန်ရှိသူများက တိုးတက်ထွက်ရှိလာသော ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

သတင်းစဉ်