Skip to main content

ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာပြီး ထာဝရငြိမ်းချမ်းရေးအမြန်ဆုံးဖော်ဆောင်

နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည် ဆိုသည့်အချက်ကို နိုင်ငံတော်အစိုးရအဆက်ဆက်တွင် နည်းလမ်းပေါင်းစုံဖြင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော်လျက်ရှိသကဲ့သို့ NCA သဘောတူစာချုပ်အတိုင်း ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် ပြည်တွင်းငြိမ်းချမ်းရေးသည် အရေးကြီးသောအချက်ဖြစ်၍ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကို စတင်ထုတ်ပြန်ဆောင်ရွက်ခဲ့သည်။ ယနေ့အချိန်အထိ ထာဝရငြိမ်းချမ်းရေးအတွက် တစ်ဖက်သတ်အပစ်ရပ် ထုတ်ပြန်ချက်ပေါင်း ၂၇ ကြိမ်ထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အလေးထားဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့်သာ အဖြေရှာနိုင်မည်ဖြစ်ပြီး လက်နက်ကိုင်နည်းလမ်းဖြင့် မည်သည့်အခါမျှ ရရှိနိုင်လိမ့်မည်မဟုတ်ပေ။

ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် “ဖြစ်ချင်သည်များကို ပြောဆိုနေမည့်အစား ဖြစ်သင့်သည်များကိုပြောပြီး ဖြစ်နိုင်သည်များကို ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြင့် လက်တွေ့ကျပြီး အောင်မြင်ခိုင်မာသည့် ငြိမ်းချမ်းရေးကိုတည်ဆောက်ကာ နိုင်ငံနှင့်ပြည်သူလူထု၏ ကောင်းရာကောင်းကျိုးများကိုရှေးရှုကြရန် ယာယီသမ္မတ(တာဝန်)တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၃/၂၀၂၅)တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရသည် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် ဆွေးနွေးနိုင်ရေး ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။ NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခုနစ်ဖွဲ့၊ လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှသုံးဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။ ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ၉၁ ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့်အဖွဲ့များနှင့် ၂၅ ကြိမ်၊ နိုင်ငံရေးပါတီများနှင့် ၂၂ ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် ၁၃ ကြိမ် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။ ရလဒ်ကောင်းများရရှိခဲ့သည်။

၂၀၂၅ ခုနှစ်အတွင်း၌ ငြိမ်းချမ်းရေးစကားဝိုင်း တစ်ကြိမ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိုရမ်တစ်ကြိမ် ကျင်းပဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးဆောင်ရွက်မှုများမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ကို ပြင်ဆင်ဖြည့်စွက်ရန်အတွက် သဘောတူညီချက် ၄၃ ချက်ကို လက်မှတ်ရေးထိုးအတည်ပြုနိုင်ခဲ့သည်။ ယင်းသဘောတူညီချက်များနှင့် ယခင်အစိုးရများလက်ထက် ငြိမ်းချမ်းရေးညီလာခံရလဒ်များမှ စုစည်းထားသည့် ပြည်ထောင်စုသဘောတူညီချက် (Union Accord) များကို မကြာမီကျင်းပမည့် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာမည့် ပြည်ထောင်စုလွှတ်တော်ကို စုစည်းတင်ပြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်နိုင်ရေး လုပ်ငန်းစဉ်များကို ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်သည်။

ငြိမ်းချမ်းရေးကို တိုင်းရင်းသားပြည်သူများအားလုံး မျှော်လင့်စောင့်စားလိုလားကြသည်မှာ ငြင်းမရသောအချက်ဖြစ်သည်။ ငြိမ်းချမ်းရေးကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်က အလေးထားဆောင်ရွက်နေသည်မှာ အထင်အရှား ဖြစ်သည်။ ငြိမ်းချမ်းရေးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုနှင့် နိုင်ငံရေးပါတီများလိုလားကြသည်မှာ အမှန်ဖြစ်သည်။ ငြိမ်းချမ်းရေးသည်သာ ပြည်ထောင်စုကြီးတစ်ခုလုံးအတွက် စစ်မှန်သောအနှစ်သာရဖြစ်သည်။ ငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း၊ ရွေးကောက်ပွဲကျင်းပ၍ ပေါ်ပေါက်လာမည့် လွှတ်တော်များတွင် အတည်ပြုဆုံးဖြတ်ချက်ရယူခြင်းတို့သည် တရားမျှတမှန်ကန်သည့် လုပ်ဆောင်ချက်များဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အရေးပါသည့်အချက်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုလည်း နိုင်ငံတော်အစိုးရနှင့် တပ်မတော်က နားလည်လက်ခံခွင့်ပြုပေးထားပြီးဖြစ်သည်။

သို့ဖြစ်ရာ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောရေး၊ ပြည်သူအားလုံး၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးတို့သည် တိုင်းရင်းသားပြည်သူလူထုအားလုံး၏လိုလားချက်၊ မျှော်လင့်ချက်၊ လိုအင်ဆန္ဒများဖြစ်သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြသည့် သက်ဆိုင်သူများအားလုံးသည် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ စုပေါင်းဆွေးနွေးညှိနှိုင်းအဖြေရှာပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ရေး၊ ထာဝရငြိမ်းချမ်းရေးကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။    ။