Skip to main content

လူကုန်ကူး သားကောင်ဘဝ မကျစေရေး တရားမဝင် ပြည်ပထွက်မှုများရှောင်ရှား

ကမ္ဘာပေါ်တွင် နှစ်စဉ်လူကုန်ကူးခံရသူပေါင်း သန်း ၂၀ ခန့် ရှိနေပြီး လူမှောင်ခိုဂိုဏ်းများမှာ ထိုလုပ်ငန်းမှ အကျိုးအမြတ် အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံခန့် ရရှိနေကြသည်ဟု ဆိုသည်။ သို့ဖြစ်ရာ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုနှင့် လက်နက်မှောင်ခို ရောင်းဝယ်မှုတို့၏နောက်တွင် လူကုန်ကူးမှုမှာ ကမ္ဘာတစ်ဝန်း တတိယအများဆုံးသော ရာဇဝတ်မှုပင်ဖြစ်သည်။

လူကုန်ကူးခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် “ခေါင်းပုံဖြတ်ရန်ရည်ရွယ်ချက်ဖြင့် လူပုဂ္ဂိုလ်တစ်ဦးအား ခြိမ်းခြောက်ခြင်း (သို့မဟုတ်) အင်အားသုံးခြင်း(သို့မဟုတ်) အခြားပုံစံဖြင့် အတင်းအကျပ်အနိုင် အထက်ပြုခြင်း၊ ဖြားယောင်းခေါ်ဆောင်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ အာဏာအလွဲသုံးစားပြုခြင်း၊ ရပ်တည်ရန်ခက်ခဲသော အခြေအနေပေါ်တွင် အလွဲသုံးစားပြုခြင်း၊ ချုပ်ကိုင်နိုင်သူတစ်ဦးတစ်ယောက်၏ သဘောတူညီမှုရရှိရန် အကျိုးအမြတ်ပေးခြင်း(သို့မဟုတ်) ရယူခြင်းဖြင့် လူတစ်ဦးဦးအား သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ခိုလှုံခွင့်ပေးခြင်း (သို့မဟုတ်) လက်ခံထားခြင်းတို့ကိုဆိုလိုသည်။ ဟု နိုင်ငံတကာကလက်ခံထားသည်။ ခေါင်းပုံဖြတ်ခြင်းတွင် ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်း၊ အခြားပုံစံဖြင့် လိင်မှုကိစ္စခေါင်းပုံဖြတ်ခြင်း၊ အဓမ္မစေခိုင်းခြင်း၊ ကျေးကျွန်သဖွယ်ပြုခြင်း (သို့မဟုတ်) ကျွန်ကဲ့သို့ အလုပ်လုပ်ရသောအခြေအနေ၊ ခန္ဓာကိုယ်အတွင်းမှ အင်္ဂါအစိတ်အပိုင်းများ ဖယ်ထုတ်ခံရခြင်းတို့ပါဝင်သည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေကို ၂၀၀၅ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅) နှစ် စီမံကိန်းများကို ၂၀၀၇ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ရာ ယခုအခါ စတုတ္ထ (၅) နှစ် စီမံကိန်း (၂၀၂၂-၂၀၂၆) ကာလတွင် ရောက်ရှိနေပြီဖြစ်သည်။ လူကုန်ကူးမှုများကို ကာကွယ်တားဆီးရန် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ တရုတ်၊ အိန္ဒိယတို့နှင့် လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးထားသည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ပြည်ပသို့ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက်အလုပ်လုပ်ကိုင်ရာတွင် လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ရေးအတွက် သတင်းအချက်အလက်များကို Safe Migration Facebook Page တွင် ဖြန့်ဝေပေးလျက်ရှိရာ လိုင်စင်ရအေဂျင်စီများမှ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ပြုလုပ်ခွင့်ပြုသည့်စာရင်းများ၊ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်သည့်စာရင်းများ စသည်တို့ကို အဆိုပါလူမှုကွန်ရက်စာမျက်နှာတွင် ကြည့်ရှုနိုင်ကြသည်။ အလုပ်သမားရေးရာတိုင်ကြားမှုများနှင့်စပ်လျဉ်း၍ မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများ၊ ရွှေ့ပြောင်းအလုပ်သမား ထောက်ပံ့ကူညီပေးရေးဗဟိုဌာနများ၊ အလုပ်သမားသံအရာရှိရုံးများနှင့် အလုပ်သမားဝန်ကြီးဌာနတို့က လက်ခံဖြေရှင်းပေးလျက်ရှိရာ ပြီးခဲ့သည့်ဇွန်လအတွင်း တရားစွဲဆိုမှု (၃) မှု၌ တရားစွဲဆိုခံရသူ (၅) ဦး ရှိခဲ့သည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် ပြည်တွင်းအလုပ်သမားခန့်ထားမှုတွင် စည်းကြပ်ဆောင်ရွက်လျက်ရှိပြီး တည်ဆဲအလုပ်သမားဥပဒေများအရ သန်စွမ်း/မသန်စွမ်း၊ ကျား/မ ခွဲခြားမှုမရှိဘဲ မြို့ပြ/ကျေးလက်မကျန် အလုပ်အကိုင်နေရာချထားရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေးဆောင်ရွက်ခြင်း၊ အလုပ်သမားမှတ်ပုံတင်ပေးခြင်း၊ အလုပ်သမားအမှာစာများလက်ခံခြင်း၊ သင့်တော်သည့်အလုပ်သမားများအား စုဆောင်းပေးပို့ခြင်း၊ အလုပ်ခန့်ထားရေးကတ်ပြားထုတ်ပေးခြင်း၊ ပြည်ပမှပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများ ကျွမ်းကျင်မှုအလိုက် အလုပ်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားသားအလုပ်သမားများအား မှတ်ပုံတင်ခြင်း၊ သက်သေခံကတ်ပြားထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိသည်။

ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရာတွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့်ချိတ်ဆက်၍ တရားဝင်လမ်းကြောင်းမှ သွားရောက်အလုပ်လုပ်ကိုင်ခြင်းဖြင့် လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးကြမည့်အပြင် ဆိုက်ရောက်ရာနိုင်ငံများ၌လည်း တရားဝင်ရပ်တည်နိုင်ကြမည်ဖြစ်သည်။ အကယ်၍ နစ်နာမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ပါကလည်း တရားဝင်အကာအကွယ်ပေးမှုများကို ရရှိနိုင်ကြမည်ဖြစ်ရာ လူကုန်ကူးခံသားကောင်များဘဝ မကျရောက်စေရေးအတွက် တရားမဝင်လမ်းကြောင်းများမှ ပြည်ပသို့ထွက်ခွာမှုများကို ရှောင်ရှားကြပါရန် အကျိုးမျှော်ကာ နှိုးဆော်လိုက်ရပါကြောင်း။ ။