နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေးသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်အနက် ပထမဦးဆုံးသော ဦးတည်ချက်ဖြစ်သည်။ နိုင်ငံကို ဒီမိုကရေစီစနစ်ဖြင့် ရှေ့ဆက်သွားရာတွင် နိုင်ငံရေးအင်အားစုများဖြစ်သည့် တရားဝင်နိုင်ငံရေးပါတီများ၊ ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များက ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဟူသော အာဏာ (၃) ရပ်ကို ကျင့်သုံးသွားကြရမည်ဖြစ်ရာ အဆိုပါပါတီများနှင့် ပြည်သူ့ကိုယ်စားလှယ်များသည် အမျိုးသားအကျိုးစီးပွားကို အလေးထားသူများ၊ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့်သူများဖြစ်ရန် လွန်စွာအရေးကြီးသည်။
နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားဆိုသည်မှာ ထိုနိုင်ငံထာဝရတည်တံ့ခိုင်မြဲရေး၊ သာယာဝပြောရေးနှင့် နိုင်ငံတကာနယ်ပယ်တွင် ဩဇာလွှမ်းမိုးနိုင်ရေးတို့အတွက် မရှိမဖြစ်ဟုဆိုရမည့် ရည်မှန်းချက်များ၊ ယင်းနှင့်ဆိုင်သည့် အကြောင်းအရာများပင် ဖြစ်သည်။ မိမိတို့မြန်မာနိုင်ငံအဖို့ဆိုလျှင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့မှာ နိုင်ငံ၏အမျိုးသားအကျိုးစီးပွား (National Interest) ပင်ဖြစ်သည်။ သို့ဖြစ်ရာ မည်သည့်နိုင်ငံရေးပါတီ၊ မည်သည့်ကိုယ်စားလှယ်လူပုဂ္ဂိုလ်တို့ပင်ဖြစ်စေကာမူ နိုင်ငံ၏အသက် သွေးကြောသဖွယ်ဖြစ်သော အမျိုးသားအကျိုးစီးပွားအားနည်း၊ ယုတ်လျော့၊ ပျက်စီးစေမည့်လုပ်ရပ်များကို မလုပ်ရ။ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်ကြရမည့် ပြည်သူ့ကိုယ်စားလှယ်တိုင်းနိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထားကြမှသာလျှင် နိုင်ငံရေရှည်တည်တံ့ခိုင်မြဲပြီး သာယာဝပြောကာ နိုင်ငံတကာအလယ်တွင် ဝင့်ထည်စွာရပ်တည်နိုင်မည်ဖြစ်သည်။
ထို့အပြင် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရေးသည်လည်း မိမိတို့နိုင်ငံ၏ နိုင်ငံရေးဘဝအတွေ့အကြုံများအရ လွန်စွာအရေးကြီးသည်ကို တွေ့မြင်နိုင်သည်။ ပါတီစုံဒီမိုကရေစီစနစ်ကို ဥပဒေနှင့်အညီ စနစ်တကျ၊ မှန်မှန်ကန်ကန် စည်းကမ်းရှိရှိ မကျင့်သုံးဘဲ ထင်ရာစိုင်းကြမည်ဆိုပါက နိုင်ငံတွင် တည်ငြိမ်အေးချမ်းမှုကင်းမဲ့ပြီး စည်းလုံးညီညွတ်မှုပြိုကွဲနိုင်သည်။ လွတ်လပ်ရေးရပြီးကာလ ပါလီမန်ဒီမိုကရေစီခေတ်တွင်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ခဲ့ကြသော ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလတွင်လည်းကောင်း စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်စွမ်းမရှိဘဲ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို မျက်ကွယ်ပြုဆောင်ရွက်ခဲ့ကြရာ ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို မိမိတို့ ယနေ့ကြုံတွေ့နေကြရသည်။
ယနေ့ မိမိတို့ဦးတည်ဆောင်ရွက်ရမည့် အနီးဆုံးပန်းတိုင်သည် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးပင်ဖြစ်သည်။ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးကို တည်ဆောက်ရာတွင် ကိုယ့်ရေ၊ ကိုယ့်မြေ၊ ကိုယ့်ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် ကိုက်ညီသော နည်းလမ်းများဖြင့် အကောင်အထည်ဖော်သွားကြရမည်ဖြစ်ပြီး သူတစ်ပါး၏ ပုံစံကို မိမိတို့နှင့် မကိုက်ညီဘဲ ပုံတူကူးသည့်အမှားမျိုး မကျူးလွန်ကြဖို့လိုသည်။
သို့ဖြစ်ရာ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာရေးဆောင်ရွက်ရာတွင် ပြည်သူလူထုအားဖြင့်လည်း ပါဝင်ကြရပါမည့်အကြောင်း။ ။