Skip to main content

ဆိုက်ဘာအရင်းအမြစ်အီလက်ထရောနစ်ဥပဒေနှင့်အညီ လုံခြုံစိတ်ချလိုက်နာအသုံးပြု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၉ အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၁/၂၀၂၅ ဖြင့် ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ပြဋ္ဌာန်းခဲ့သည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်ကြော်ငြာစာအမှတ် ၁၁၃/၂၀၂၅ ဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း ယင်းဥပဒေ ပုဒ်မ ၂ အရ သတ်မှတ်လိုက်သည်။

အဆိုပါဥပဒေသည် မျက်မှောက်ကာလ လူမှုဘဝနယ်ပယ်အတွက် အလွန်အရေးကြီးသော ဥပဒေဖြစ်သည်။ မြန်မာနိုင်ငံ၌ သတင်းအချက်အလက် ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်မှာ ဆယ်စုနှစ်နှစ်ခုမက ကာလသို့ရောက်ရှိ သည့်အချိန်၌ အများပြည်သူတို့အနေဖြင့် မိမိတို့အသုံးပြုသည့် လူမှုကွန်ရက်များပေါ်၌ သတိပြုရမည့်အချက်များစွာတို့ကို ဤဥပဒေတွင် မီးမောင်းထိုးပြသထားသည်။ ထို့ကြောင့် အများပြည်သူတို့အနေဖြင့်လည်းကောင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို အသုံးပြုနေကြသူများအနေဖြင့်လည်းကောင်း ပြဋ္ဌာန်းလိုက်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေပါ အချက်များအား အထူးအလေးထားမှတ်သားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်သည်။

ဆိုက်ဘာလုံခြုံရေးဥပဒေသည် အွန်လိုင်းအသုံးပြုကြသူများအားလုံး သိရှိလေ့လာ လိုက်နာမှတ်သားကြရမည့်ဥပဒေဖြစ်ပြီး အထူးသဖြင့် သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာကိုအသုံးပြု၍ နိုင်ငံရေးအမြတ်ထုတ်သူများ၊ ငွေကြေးအကျိုးအမြတ် ရှာဖွေနေကြသူများ သတိထားရမည့်အချက်များပါဝင်သည်။ ဆိုက်ဘာလုံခြုံရေးဥပဒေနှင့်ပတ်သက်၍ အများပြည်သူတို့နှင့်သက်ဆိုင်ပြီး နိုင်ငံတော်အစိုးရနှင့်နိုင်ငံများက အလေးထားတိုက်ဖျက်နေသည့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများလည်းပါဝင်သည်။ ယခုအခါ တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပြီး နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများကို အိမ်နီးချင်းနိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ဆိုက်ဘာလုံခြုံရေးဥပဒေတွင် အများပြည်သူ သိရှိထားသင့်သည့် အရေးကြီးသောအချက်များမှာ မရိုးမဖြောင့်သောသဘောဖြင့် ဆိုက်ဘာအရင်းအမြစ်များကို အသုံးပြုပြီး ငွေကြေးတစ်ရပ်ရပ်ကိုခိုးယူခြင်း၊ အကျိုးဖျက်ဆီးခြင်း သို့မဟုတ် အခြားသူတစ်ဦးဦးအား ပြုလုပ်ရန်စေခိုင်းခြင်း၊ ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်း ကစားစနစ်တည်ဆောက်ခြင်း။ ဖေ့စ်ဘွတ်၊ ယူကျု၊ တစ်တော့ခ်၊ တယ်လီဂရမ်အစရှိသော လူဦးရေတစ်သိန်းနှင့်အထက်ရှိသည့် ဒစ်ဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းများ အစရှိသည့် အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ပါက တရားဝင်မှတ်ပုံတင် လိုင်စင်လျှောက်ထားခြင်း၊ လျှောက်ထားရန်ပျက်ကွက် ကြောင်းတွေ့ရှိပါက အရေးယူခြင်းစသည့် ပြစ်မှုပြစ်ဒဏ်၊ ထောင်ဒဏ်များပါဝင်သည်ကို တွေ့ရသည်။

ဥပဒေတွင် ဒစ်ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူသည် ဝန်ဆောင်မှုပေးသည့် ပလက်ဖောင်းတွင် အမုန်းတရားကိုဖြစ်စေသော၊ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေသော သို့မဟုတ် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော သတင်းအချက်အလက်များဖြစ်ပေါ်ခြင်း၊ မမှန်သတင်း သို့မဟုတ် ကောလာဟလသတင်းများဖြစ်ပေါ်ခြင်း၊ အများပြည်သူကြည့်ရှုရန် မသင့်လျော်သော သတင်းအချက်အလက်များကို ဖော်ပြခြင်း၊ လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်ဖြင့် ဖော်ပြသော ကလေးသူငယ်များ၏ ညစ်ညမ်းပုံ၊ ညစ်ညမ်းဗီဒီယို၊ စာသားများ သို့မဟုတ် သင်္ကေတများကို တစ်နည်းနည်းဖြင့်ဖော်ပြခြင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ဆန့်ကျင်သည့် သတင်းအချက်အလက်များကို ဖော်ပြခြင်း သို့မဟုတ် ဥပဒေနှင့် မညီသောပြုလုပ်မှုကို ပြုလုပ်ခြင်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ လူမှုရေး သို့မဟုတ် စီးပွားရေးကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ဖော်ပြသော သတင်းအချက်အလက်နှင့်စပ်လျဉ်းသည့်၊ မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးချိုးဖောက်ခြင်းနှင့် စပ်လျဉ်းသည့် တိုင်ကြားချက်များဖြစ်ပေါ်ခြင်း၊ အကြမ်းဖက်မှုဖြစ်ပေါ်စေရန် လှုံ့ဆော်ခြင်း၊ ကျူးလွန်ခြင်း၊ အားထုတ်ခြင်း၊ အားပေးကူညီခြင်း သို့မဟုတ် ကြံရာပါအဖြစ်ဆောင်ရွက်ခြင်းတို့နှင့်ပတ်သက်သည့် မှတ်သားလိုက်နာရမည့်အချက်များပါဝင်သည်။

ထို့အပြင် ဆိုက်ဘာလုံခြုံရေးကို ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်း သို့မဟုတ် ဆိုက်ဘာလုံခြုံရေးကို အလွဲသုံးစားပြုလုပ်ခြင်းစသည်တို့နှင့်ပတ်သက်သည့် အရေးကြီးသော အချက်အလက်များ၊ တာဝန်ရှိအဖွဲ့အစည်းများ၊ ဆောင်ရွက်ရမည့်အချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူမှုများ၊ အယူခံဝင်မှုနှင့် ပြစ်မှုပြစ်ဒဏ်များ အစရှိသည်တို့ ကျယ်ပြန့်စွာပါဝင်ရာ သတင်းအချက်အလက်နှင့် နည်းပညာထွန်းကားနေသော ယနေ့ကာလ၌ အဆိုပါနည်းပညာများအား အသုံးပြုနေကြသူများအားလုံးအနေဖြင့် ဆိုက်ဘာလုံခြုံရေးဥပဒေပါအချက်များကို လေ့လာမှတ်သား အလေးထားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။   ။