Skip to main content

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(ရန်ကုန်)၊ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)နှင့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တို့သို့ သွားရောက်၍ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၄

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၊ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)နှင့် ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တို့သို့ သွားရောက်၍ ခင်းကျင်းပြသထားရှိမှုများနှင့် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဗဟန်းမြို့နယ်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သို့ရောက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်းစီးနင်းခဲ့သည့် မော်တော်ယာဉ်ပြသထားရှိမှုနှင့် မော်တော်ယာဉ်အားပြင်ဆင်နေမှု၊ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏ နောက်ခံသမိုင်းအကျဉ်း၊ မှတ်တမ်းဓာတ်ပုံများနှင့် ပုံတူပန်းချီကားများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူရုပ်တု၊ ဗိုလ်ချုပ်၏ငယ်ဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ နိုင်ငံရေးလောကဘဝ၊ တပ်မတော်ခေါင်းဆောင်ဘဝ၊ နိုင်ငံခေါင်းဆောင်ဘဝ၊ မိသားစုဘဝမှတ်တမ်းများနှင့် မှတ်တမ်းဓာတ်ပုံများ၊ အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ၊ ဧည့်ခန်း၊ အထူးအစည်းအဝေးခန်း၊ အိပ်ခန်း၊ စာကြည့်တိုက်တို့အတွင်း ခင်းကျင်းပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများ၊ ပန်းချီကားများ၊ ဓာတ်ပုံများနှင့် ပရိဘောဂပစ္စည်းများ၊ ဗိုလ်ချုပ်အောင်ဆန်း ဖတ်ရှုလေ့လာခဲ့သည့် စာအုပ်များနှင့် ဗိုလ်ချုပ်၏သမိုင်းမှတ်တမ်းများအား ရေးသားထားသော ခေတ်အဆက်ဆက်တွင်ထုတ်ဝေခဲ့သည့် စာအုပ်များအား စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့်မော်တော်ယာဉ်အား ရေရှည်တည်တံ့ကောင်းမွန်နေစေရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းခြင်းများ ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ သမိုင်းမှတ်တမ်းဓာတ်ပုံများအား ခေတ်မီနည်းပညာများအသုံးပြု၍ ယခုထက်ပိုမိုကောင်းမွန် ကြည်လင်ပြတ်သားသည့်ပုံများဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ မီးလိုင်းများသွယ်တန်းထားရှိမှုများကိုလည်း စနစ်တကျဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ဗိုလ်ချုပ်၏မိန့်ခွန်းများမှ မိန့်ခွန်းကောက်နုတ်ဖော်ပြထားမှုအား လွယ်ကူရှင်းလင်းစွာဖတ်ရှုလေ့လာနိုင်ရေး ကြည်လင်ပြတ်သားမှုရှိအောင် ပြန်လည်ဆောင်ရွက်ပြသထားရှိရန်လိုကြောင်း၊ ပြတိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် လမ်းဘေးဝဲယာရှိ သစ်ပင်များအား အောက်ခြေရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်၊ အမှိုက်သရိုက်များ မရှိစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ဝန်းအတွင်းရှိ ရေကန်၊ ဗိုလ်ချုပ်ကိုယ်တိုင်စိုက်ပျိုးခဲ့သည့် သီးပင်စားပင်စိုက်ခင်းနေရာပြကွက်နှင့် ပြတိုက်ပတ်လမ်းအတိုင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကန်၏ပုံသဏ္ဌန်အမှန်ကို ပြန်လည်ဖော်ထုတ်လေ့လာ၍ နဂိုမူလပုံစံမပြတ် ပြသထားရှိရန်လိုကြောင်း၊ ပြတိုက်သို့ လာရောက်လေ့လာသူများကိုလည်း စနစ်တကျစာရင်းသွင်းထားရှိရန်လိုပြီး ထူးခြားသည့်ကိန်းဂဏန်းများဖြစ်သည့် ရာပြည့်၊ ထောင်ပြည့် လာရောက်သူများအတွက် သင့်လျော်သည့် လက်ဆောင်ပစ္စည်းများကို ပေးအပ်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သည် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သောအိမ်ကို ပြတိုက်အဖြစ်ခင်းကျင်းပြသထားခြင်းဖြစ်ကြောင်း၊ ၁၉၂၁ ခုနှစ်တွင် တည်ဆောက်ခဲ့သောအဆောက်အဦဖြစ်ပြီး အနောက်တိုင်းဗိသုကာဟန်များ ရောနှောတည်ဆောက်ထားသော ဥရောပပုံစံအဆောက်အဦတစ်ခုဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ယခုအိမ်၌ ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့ကြောင်း၊ ပြတိုက်အတွင်း ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ခန်း၊ စာဖတ်ခန်း၊ ကလေးများအိပ်ခန်း၊ အထူးအစည်းအဝေးခန်း၊ ဘုရားခန်း၊ ဗိုလ်ချုပ်အောင်ဆန်း အားလပ်ချိန်တွင် စိုက်ပျိုးသော စိုက်ခင်း၊ ဗိုလ်ချုပ်အောင်ဆန်း စီးနင်းအသုံးပြုခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် WOLSELEY အမျိုးအစားမော်တော်ယာဉ်နှင့် ဓာတ်ပုံမှတ်တမ်းပြခန်းတို့အား ခင်းကျင်းပြသထားရှိပြီး အများပြည်သူများအနေဖြင့် သတ်မှတ်ချိန်များအတွင်း အခမဲ့လာရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

ဝန်ကြီးများရုံး (အတွင်းဝန်ရုံး)

ဆက်လက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အဖွဲ့ဝင်များလိုက်ပါ၍ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အဦသို့ရောက်ရှိကြပြီး အဆောက်အဦအတွင်း ခင်းကျင်းပြသထားသည့် သမိုင်းမှတ်တမ်း အထောက်အထားစာရွက်စာတမ်းများနှင့် ဓာတ်ပုံများ ထိန်းသိမ်းထားရှိမှုနှင့် လွှတ်တော်ခန်းမ ထိန်းသိမ်းထားရှိမှုတို့ကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သမိုင်းကြောင်းကိုဖော်ပြလျက်ရှိသည့်ဓာတ်ပုံများနှင့် စာရွက်စာတမ်းများအား ခေတ်မီနည်းပညာများအသုံးပြု၍ ယခုထက်ကြည်လင်ပြတ်သားမှုရှိအောင် ဆောင်ရွက်ခင်းကျင်းပြသသွားရန်လိုကြောင်း၊ ဓာတ်ပုံများ၊ အသုံးအဆောင်ပစ္စည်းများအား အညွှန်းဖော်ပြရာတွင်လည်း ရေးထုံးသတ်ပုံများ စနစ်ကျမှန်ကန်မှုရှိရန်နှင့် လွယ်ကူရှင်းလင်းစွာ ဖတ်ရှုနားလည်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရာတွင် ယခင်ခေတ်ကအသုံးပြုခဲ့သည့် ပုံစံများအတိုင်းဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဝန်ကြီးများရုံးအဆောက်အဦအတွင်း လှည့်လည်၍ ဗိုလ်ချုပ်ရုံးခန်းနှင့် အစည်းအဝေးခန်းမအတွင်း ဗိုလ်ချုပ်နှင့်အာဇာနည်ပုဂ္ဂိုလ်များ လုပ်ကြံခံရမှုအား ပြသထားရှိမှု၊ ဓာတ်ပုံပြခန်းအတွင်း သမိုင်းဝင်ဓာတ်ပုံများ ပြသထားရှိမှု၊ သမိုင်းဝင်အထောက်အထားများ ပြခန်းအတွင်း ခင်းကျင်းပြသထားရှိမှုနှင့် အဆောက်အဦ ထိန်းသိမ်းထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အစည်းအဝေးခန်းမအတွင်း၌ ဗိုလ်ချုပ်နှင့် အာဇာနည်ပုဂ္ဂိုလ်များလုပ်ကြံခံရမှုနှင့် ဗိုလ်ချုပ်အောင်ဆန်းရုံးထိုင်သည့်နေရာအား မူလခင်းကျင်းထားရှိမှုအတိုင်း ခင်းကျင်းပြသသွားရန်လိုကြောင်း၊ သမိုင်းအထောက်အထား ဓာတ်ပုံများအား ပုံစာအညွှန်းတပ်၍ ဖော်ပြသွားရန်လိုကြောင်း၊ သမိုင်းအထောက်အထား ဓာတ်ပုံများအား ထပ်မံပြုစု၍ ခင်းကျင်းပြသသွားရန်နှင့် ရှေးဟောင်းသမိုင်းဝင် အဆောက်အဦဖြစ်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲနေစေရေး ပြုပြင်ထိန်းသိမ်းမှုများကို မူလလက်ရာအတိုင်း စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်သွားရန်နှင့် ထိုခေတ်တွင်မီခဲ့သည့် သတင်းစာဆရာကြီးများ၊ စာရေးဆရာများအား လိုက်လံမေးမြန်း၍ တစ်ပုံစံတည်းဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦ၏ အချို့နေရာများ၌ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်ထိန်းသိမ်းနိုင်ရေး ပညာရှင်များဖြင့် စနစ်တကျသုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အဆောက်အဦသို့ ရောက်ရှိကြပြီး အဆောက်အဦအတွင်းရှိ ရုံးခန်းများ၊ စာကြည့်တိုက်၊ တရားခွင်များနှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ပြတိုက်အတွင်းသို့ လိုက်လံကြည့်ရှုစစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ချုပ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အဆောက်အဦသည် ရှေးဟောင်းအဆောက်အဦးတစ်ခုဖြစ်သဖြင့် မူလလက်ရာမပျက်ယွင်းစေဘဲ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုအဆောက်အဦသည် ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ရှေးဟောင်းအဆောက်အဦတစ်ခုဖြစ်သဖြင့် အဆောက်အဦ ရေရှည်ကောင်းမွန်ကြံ့ခိုင်စေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်နှင့် သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။