ကုမုဒ
ရန်ကုန်တက္ကသိုလ်ရာပြည့်ကာလတွင် ကျွန်တော် တက္ကသိုလ်ကျောင်းသားဘဝမှာ ဘာသာရပ်အသီးသီး သင်ကြားပေးခဲ့ကြသော ဆရာကြီး ဆရာမကြီးတွေကို အထူးအမှတ်ရနေမိပါ တယ်။ ဆရာကြီး ဆရာမကြီး တွေအကြောင်း မရေးသားခင်မှာ မျက်မှောက်ခေတ် မျိုးဆက်သစ် လူငယ်တွေ ဗဟုသုတဖြစ်စေဖို့ ကျွန်တော် တို့ငယ်ဘဝ ပညာသင်ကြားခဲ့ရပုံကို အနည်းငယ်တင်ပြ လိုပါတယ်။
ငယ်ဘဝပညာရေးခရီးလမ်း
ကျွန်တော့်အသက် ငါးနှစ်ပြည့်တဲ့ ၁၉၅၃ ခုနှစ်မှာ ဆရာမကြီး ဒေါ်ခင်ခင်အေး တည်ထောင်တဲ့ ကမာရွတ် မြို့နယ်က PBRS (Private Boundary Road School) မှာ စတက်ခဲ့ပါတယ်။ မြန်မာစာကလွဲပြီး ကျန်တဲ့ဘာသာ တွေအားလုံးကို အင်္ဂလိပ်ဘာသာနဲ့ သင်တဲ့ကျောင်းပါ။ စတက်တက်ချင်း Infant C တန်းကနေစတက်ရပြီး နောက် Infant B၊ Infant A စသဖြင့် သူငယ်တန်း သုံးနှစ်ဆက်တိုက် တက်ရပါတယ်။ ပြီးရင် ပထမတန်း မှ စတုတ္ထတန်းအထိ မူလတန်းလေးနှစ်ဆက်တိုက်၊ ပဉ္စမတန်းကနေ အဋ္ဌမတန်းအထိ အလယ်တန်း လေးနှစ် ဆက်တိုက်တက်ပြီးရင် နဝမတန်းမှာ အစိုးရစစ်တန်းမြင့် ကျောင်းထွက်စာမေးပွဲ (High School Final Exam - HSF ) ကို ဖြေဆိုရပါတယ်။ ဒသမတန်းကိုလည်း အစိုးရစစ် ဖြေဆိုရပြီး Matriculation Exam လို့ ခေါ်ကြသလို မြန်မာလိုလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲလို့ ခေါ်ဆို ပါတယ်။ အောင်မြင်ပြီးရင် တက္ကသိုလ်မြေ စတင် ခြေချ၊ ကိုယ်ကြိုက်တဲ့ဘာသာတွဲယူပြီး ဥပစာ (က)တန်း (Inter A) ကို စတက်ရပါတယ်။ ဒါကြောင့် အခြေခံပညာ အဆင့်မှာ စုစုပေါင်း ပညာသင်နှစ် ၁၃ နှစ်တက်ပြီးမှ တက္ကသိုလ်မြေကို စတင်ခြေချရပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ကျောင်းစတက်ချိန်ကစပြီး မူလတန်း အဆင့်မှာ ပထမတန်းမှ စတုတ္ထတန်းအထိ နှစ်စဉ်အတန်း တိုင်းကို ပထမ၊ ဒုတိယတစ်ခုခုနဲ့ အမြဲအောင်မြင်ခဲ့တာ ကြောင့် စတုတ္ထတန်းအောင်ချိန်မှာ ပဉ္စမတန်းနဲ့ ဆဋ္ဌမတန်း နှစ်တန်းကို မတက်ရတော့ဘဲ Triple Promotion နဲ့ သတ္တမတန်းကို ကျော်တက်ခွင့်ရတာ ကြောင့် ၁၉၆၄ ခုနှစ်မှာ ဒသမတန်းအောင်၍ ပုံမှန် ထက် နှစ်နှစ်စောပြီး တက္ကသိုလ်မြေ ခြေချခွင့် ရခဲ့ပါတယ်။
ပညာရေးစနစ်သစ်
ကျွန်တော်တက္ကသိုလ်ကို စတင်ဝင်ရောက်ရတဲ့ ၁၉၆၄-၁၉၆၅ ပညာသင်နှစ်ကစ၍ တော်လှန်ရေး ကောင်စီအစိုးရက ပညာရေးစနစ်သစ် အကောင်အထည် ဖော်မယ်ဆိုပြီး ရန်ကုန်တက္ကသိုလ်ကို ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်-ရန်ကုန် (Rangoon Arts And Science University) လို့ အမည်ပြောင်းကာ အတိုကောက် RASU ကို မြန်မာသံဖလှယ်ရာ ‘ရာဇူး’ လို့ခေါ်တွင်ရာကနေ ‘ရာဇူး’ အသုံးအနှုန်းက တွင်ကျယ်ခဲ့ပါတယ်။
၁၉၆၃- ၁၉၆၄ ပညာသင်နှစ်အထိ တက္ကသိုလ်စတက် တက်ချင်း ဥပစာတန်း (က) (Inter A) မှာ ကြိုက်တဲ့ ဘာသာတွဲယူနိုင်တယ်။ ဥပစာတန်း (ခ) (Inter B) မှာ Inter A က ယူခဲ့တဲ့ ဘာသာတွဲတွေနဲ့ အနီးစပ်ဆုံး ဘာသာတွဲယူရ တယ်။ တတိယမြောက် ပညာသင်နှစ်ကစပြီး Inter B တန်းကရခဲ့တဲ့ အောင်မှတ်အပေါ်မူတည်ပြီး သင့်လျော်တဲ့ အတန်းဆက်တက်ကာ ဘွဲ့တစ်ခုရအောင် ကြိုးစားရပါ တယ်။ ဥပမာ Inter A နဲ့ B မှာ ရူပ၊ ဓာတု၊ ဇီဝဘာသာ တွဲယူလာပြီး အမှတ်ကောင်းကောင်းနဲ့ အောင်ရင် ဆေးပညာမဟာဌာန (ဆေးတက္ကသိုလ်ဟု မခေါ်သေး) မှာ ငါးနှစ်ဆက်တက်ကာ MBBS ဘွဲ့ရသလို Inter A နဲ့ B မှာ သင်္ချာ၊ ရူပ၊ ဓာတုဘာသာတွဲ ယူလာပြီး အမှတ် ကောင်းကောင်းနဲ့အောင်ရင် အင်ဂျင်နီယာသိပ္ပံပညာ မဟာ ဌာန (စက်မှုတက္ကသိုလ်ဟုမခေါ် သေး) မှာ လေးနှစ် ဆက်တက်ကာ B.Sc (Engineering) ဘွဲ့ ရရှိမှာဖြစ်ပါတယ်။
ကျွန်တော် ၁၀ တန်းအောင်တဲ့နှစ်ကစလို့ ၁၀ တန်း ရမှတ်နဲ့သုံးပြီး တက္ကသိုလ်တက်ရတဲ့စနစ် စတင်ကျင့်သုံး ပါတယ်။ ဒါပေမဲ့ ရိုးရိုးအမှတ်ပေါင်းနဲ့တွက်ရင် အမှတ်များ များမရနိုင်တဲ့ ဝိဇ္ဇာဘာသာတွဲတွေယူထားတဲ့ ကျောင်းသား တွေ နစ်နာမှာမို့ ILA (Intelligence Level Aggregate) ဉာဏ်ရည်အဆင့်ပြအမှတ်စုစုပေါင်း)နဲ့ အမှတ်ထပ်တွက်ပြီး ဝင်ခွင့်လက်ခံပါတယ်။ ဒါကြောင့် ကျွန်တော်နဲ့ အမှတ်ပေါင်း တူတဲ့ ဝိဇ္ဇာတွဲတွေ ယူထားပြီး အောင်တဲ့သူငယ်ချင်းဟာ ပထမဦးစားပေးလျှောက်တဲ့ ဆေးတက္ကသိုလ် ဝင်ခွင့်ရပါ တယ်။ ကျွန်တော်ကတော့ ပထမဦးစားပေး ဆေးတက္ကသိုလ် ကို ဝင်ခွင့်မရဘဲ ဒုတိယဦးစားပေး သင်္ချာအဓိကရပြီး ရာဇူးမှာ ပထမနှစ်သိပ္ပံတန်းကို ၁၉၆၄ ခုနှစ် နိုဝင်ဘာလ ၂ ရက် တနင်္လာနေ့ကစပြီး ကျောင်းတက်ရပါတယ်။
ဆရာကြီး ဆရာမကြီးများ
ကျွန်တော် ပထမနှစ်သိပ္ပံတန်းစတက်တော့ မြန်မာစာကို ဆရာကြီး ဦးဖိုးကျော်မြင့် (ကွယ်လွန်)၊ ဆရာကြီး ဦးမျိုးဆွေ (ကွယ်လွန်)၊ ဆရာမကြီး ဒေါ်ပို၊ ဆရာမကြီး ဒေါ်သီသီထွဋ်၊ ဆရာမကြီး ဒေါ်ခင်မေနွဲ့၊ အင်္ဂလိပ်စာကို ဆရာကြီး ဦးအုန်းခင် (ကွယ်လွန်)၊ ရူပဗေဒ ကို ဆရာကြီး ဒေါက်တာမောင်မောင်ခ (ကွယ်လွန်)၊ ဆရာကြီး ဦးကောင်းညွန့် (ကွယ်လွန်)နဲ့ ဆရာကြီး ဒေါက်တာစိုးရင်၊ ဘူမိဗေဒကိုတော့ ဆရာကြီး ဒေါက်တာ ညီညီ၊ ဆရာကြီး ဦးဘီပီဒေး (ကွယ်လွန်)၊ ဆရာကြီး ဒေါက်တာမောင်သင်း၊ ဆရာကြီးဒေါက်တာဉာဏ်သင်း၊ ဆရာမကြီး ဒေါ်ဝင်းယုစိန်တို့က သင်ကြားပေးခဲ့ပါတယ်။ ဒုတိယနှစ်မှာတော့ ရူပဗေဒကို ဆရာကြီး ဦးလွှမ်းမိုး (ကွယ်လွန်)၊ ဒဿနိကဗေဒကိုတော့ ဆရာကြီး ဦးသိန်းလွင် (ကွယ်လွန်)နဲ့ ဆရာမကြီး ဒေါ်တင်စောမူတို့က သင်ကြားပေးခဲ့ပါတယ်။
သင်္ချာဘာသာကိုတော့ ပထမနှစ်ကနေ စတုတ္ထနှစ် အထိ ဆရာကြီး ၁၇ ဦးနဲ့ ဆရာမကြီးတစ်ဦးတို့ သင်ကြား ပေးခဲ့ရာ ဆရာကြီး ဦးအောင်လှ၊ ဆရာကြီး ဦးကြည်ရှိန်၊ ဆရာကြီး ဒေါက်တာချစ်ဆွေ၊ ဆရာကြီး ဦးခင်ဇော်၊ ဆရာကြီး ဒေါက်တာစိန်မင်း၊ ဆရာကြီး ဦးတင်မောင်၊ ဆရာကြီးဦးတင်လှိုင်၊ ဆရာကြီး ဦးမောင်မောင်တင်၊ ဆရာကြီး ဦးသိန်းထွန်း၊ ဆရာကြီး ဒေါက်တာသိမ်းမြင့်နဲ့ ဆရာကြီး ဦးအောင်စိန်တို့ ၁၁ ဦးက ကွယ်လွန်ကြပြီး ဖြစ်ပါ တယ်။ ဆရာမကြီး ဒေါ်ခိုင်ဉာဏ်၊ ဆရာကြီး ဦးစိုးနိုင်၊ ဆရာကြီး ဦးစိုးမင်း၊ ဆရာကြီး ဦးစွန်တီ၊ ဆရာကြီး ဒေါက်တာကျော်သိန်းနဲ့ ဆရာကြီး ဒေါက်တာပိုက်တင်တို့ ခြောက်ဦး သက်ရှိထင်ရှား ရှိကြပါသေးတယ်။ Tutorial ကိုင်ခဲ့တဲ့ ဆရာကြီးရှစ်ဦးနဲ့ ဆရာမကြီး ခုနစ်ဦး သက်ရှိ ထင်ရှားရှိနေသော်လည်း ဆရာကြီး သုံးဦးနဲ့ ဆရာမကြီး နှစ်ဦးတို့ ကွယ်လွန်သွားကြပါပြီ။ M.Sc တန်းမှာ သင်ပေးတဲ့ ဆရာမကြီး ဒေါက်တာလှလှစိန်၊ ဆရာကြီး ဒေါက်တာ စောတင်၊ ဆရာကြီး Dr. Townsend (USA) တို့ သုံးဦး စလုံးလည်း ကွယ်လွန်ကြပါပြီ။
ဒါကြောင့် တက္ကသိုလ်စတက်တဲ့ ၁၉၆၄ ခုနှစ်က စတွက်ရင် ယနေ့အထိ နှစ်ပေါင်း ၅၆ နှစ်အတွင်း ပညာ သင်ပေးခဲ့တဲ့ ဆရာကြီး ဆရာမကြီး ၃၅ ဦးမှာ ၂၁ဦး က ကွယ်လွန်ကြပြီးဖြစ်သလို Tutorial ကိုင်ခဲ့တဲ့ ဆရာကြီး ဆရာမကြီး ၂၀ မှာ ငါးဦးက ကွယ်လွန်ကြပြီး ဖြစ်တာကို သံဝေဂဉာဏ်ပွားရပါတယ်။ ဒီထဲမှာ Minor ဘာသာများက Tutorial နဲ့ Practical သင်ပေးတဲ့ ဆရာကြီး ဆရာမကြီးတွေစာရင်း မပါဝင်သေးပါဘူး။
ဒီဆောင်းပါးမှာတော့ ကွယ်လွန်သူဆရာကြီး ဆရာမကြီးတွေထဲက မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်မှာ ဂုဏ်ပြုဖော်ပြခံရတဲ့ ဆရာကြီး သုံးဦးအကြောင်းကို အကျဉ်းမျှတင်ပြလိုက်ပါတယ်။
ဆရာကြီးဦးအောင်လှ (၁၈၉၆-၁၉၈၃)
ဆရာကြီးကို ၁၈၉၆ ခုနှစ် ဧပြီလမှာ ဖခင် အမိန့် တော်ရ ရှေ့နေကြီး ဦးဖိုးစစ်၊ မိခင် ဒေါ်ငွေနှုံးတို့က သာယာဝတီမြို့မှာ မွေးဖွားပါတယ်။ ငယ်စဉ်က ရန်ကုန် မြို့ St. Paul ကျောင်းမှာ ပညာသင်ကြားခဲ့ပြီး ကိုးလ်ကတ္တား ကစစ်တဲ့ ၁၀ တန်းစာမေးပွဲကို ၁၉၁၄ ခုနှစ်မှာ အောင်မြင် ခဲ့ပါတယ်။ ရန်ကုန်ကောလိပ်ကို စတက်ရာ ၁၉၁၈ ခုနှစ် မှာ သင်္ချာဂုဏ်ထူးတန်းကို ပထမရပြီး အောင်မြင်ပါတယ်။ ဘွဲ့ရပြီးစမှာ ရန်ကုန်ကောလိပ်သင်္ချာဌာနမှာ လက်ထောက်ကထိကအဖြစ် ဆောင်ရွက်ပြီး ၁၉၂၀ ပြည့်နှစ်တွင် ဗြိတိန်နိုင်ငံ ကိန်းဘရစ်ချ် တက္ကသိုလ်မှာ မိမိအစီအစဉ်နဲ့ သွားရောက်ပညာဆည်းပူးရာ Master ဘွဲ့ကို သင်္ချာဘာသာနဲ့ ထူးချွန်စွာအောင်မြင်ပြီး တစ်ပြိုင်တည်း Bar-at Law ဘွဲ့ကိုပါ ရရှိခဲ့ပါတယ်။ ဆက်ပြီး ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတို့ရှိ Sorbonne တက္ကသိုလ်အပါအဝင် နာမည်ကြီးတက္ကသိုလ်တွေမှာ ပညာဆက်လက်ဆည်းပူးခဲ့ပါတယ်။ မြန်မာပြည်က စထွက်ပြီး ကိုးနှစ်အကြာ ၁၉၂၉ ခုနှစ်မှာ ဥရောပက ပြန်လာခဲ့ပြီး ၁၉၃၀ ပြည့်နှစ်မှာ မန္တလေး ဥပစာကောလိပ် တွင် သင်္ချာကထိကအဖြစ် စတင်ဆောင်ရွက်ပါတယ်။ ၁၉၃၁ ခုနှစ်မှာ ရန်ကုန်ပြန်လာပြီး မြို့မအမျိုးသား အထက်တန်းကျောင်း ကျောင်းအုပ်တာဝန်ထမ်းဆောင်ခဲ့ ပါတယ်။ ၁၉၃၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် မော်ကွန်းထိန်း တာဝန်ယူပြီး ၁၉၃၉ ခုနှစ်မှာ တက္ကသိုလ်ဆရာဘဝက ထွက်ကာ Census Bureau မှာ ညွှန်ကြားရေးဝန် (ယခု အခေါ် ညွှန်ချုပ်) အဖြစ် တာဝန်ယူခဲ့ပါတယ်။ ၁၉၄၁ ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ် သင်္ချာဌာနပါမောက္ခ အဖြစ် ခန့်အပ်ခြင်းခံရပြီး မြန်မာနိုင်ငံရဲ့ပညာရေး သမိုင်းမှာ ပထမဆုံးမြန်မာလူမျိုးသင်္ချာပါမောက္ခအဖြစ် မှတ်တမ်းဝင်သွားပါတော့တယ်။ ဆရာကြီးဟာ ၁၉၅၈ ခုနှစ်မှာ သက်ပြည့်အငြိမ်းစားယူပြီးနောက် ဆက်လက် ပြီး ၁၉၇၄ ခုနှစ်အထိ သင်္ချာဌာန ဂုဏ်ထူးဆောင်ပါမောက္ခ အဖြစ် စာပေပို့ချခဲ့ပါတယ်။
ဆရာကြီးဟာ ၁၉၅၀ ပြည့်နှစ်မှာ ဗြိတိန်နဲ့ အမေရိကန်တို့ က တက္ကသိုလ်တချို့ရဲ့ ဖိတ်ခေါ်မှုကြောင့် Astronomy (နက္ခတ္တဗေဒ) နဲ့ အဆင့်မြင့်သင်္ချာပညာကို လေ့လာဖို့ သွားရောက်ခဲ့ပြီး အပြန်မှာ FRAS (London) နဲ့ FBIS (London) ဘွဲ့တွေ ချီးမြှင့်ခံရပါတယ်။ မြန်မာနိုင်ငံ တံဆိပ်ခေါင်းစု ဝါသနာရှင် (Philatelist) အသင်းရဲ့ ဥက္ကဋ္ဌအဖြစ် ၁၉၃၃ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိ ၂၉နှစ် ကြာဆောင်ရွက်ခဲ့ပြီး ဒီဆောင်ရွက်ချက်ကြောင့် ၁၉၆၃ ခုနှစ်မှာ FRPS (London) ဘွဲ့ အပ်နှင်းခြင်းခံရပါတယ်။
ဆရာကြီးရန်ကုန်ကောလိပ်မှာ တက်ရောက်နေစဉ် ၁၉၁၆ ခုနှစ် ကြည့်မြင်တိုင်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး တည်ထောင်တဲ့ “ကျောင်းသားများသမဂ္ဂ” အသင်းမှာ ဒုဥက္ကဋ္ဌအဖြစ် လေးနှစ်ဆက်တိုက် (ပြည်ပမထွက်ခွာခင် အထိ) ဆောင်ရွက်ခဲ့ပါတယ်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ All Burma Peace Committe မှာ ဆရာကြီး ဒဂုန်တာရာ၊ ဆရာမ ကြီး ဂျာနယ်ကျော်မမလေးတို့နဲ့အတူ ဒုတိယဥက္ကဋ္ဌ အဖြစ် ပူးတွဲဆောင်ရွက်ရင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးဆောင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံတွေ သွားတက် ရင်းလည်း အဖွဲ့ဝင်အဖြစ် လိုက်ပါသွားရပါတယ်။ ၁၉၅၂ ခုနှစ်မှာတော့ ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပန်းချီ၊ ပန်းပုနဲ့ စာပေပညာရှင်တွေပါဝင်တဲ့ ယဉ်ကျေးမှုကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်အနေနဲ့ ရုရှားနိုင်ငံကို ချစ်ကြည်ရေး သွားရောက်ခဲ့ပါတယ်။ မြန်မာနဲ့ ဆိုဗီယက် ယဉ်ကျေးမှု နှင့် မိတ်ဆွေဖြစ်အသင်းဥက္ကဋ္ဌအဖြစ် ကွယ်လွန်သည် အထိ ဆောင်ရွက်ခဲ့ပါတယ်။
ဆရာကြီးဟာ စောင်းကောက်ကို အထူးကျွမ်းကျင် စွာတီးတတ်ပြီး ဇနီးသည် ရုပ်ရှင်မင်းသမီးကြီး A1 ဒေါ်မေသန်း တည်ထောင်ထားတဲ့ သီချင်းကြီးဝိုင်း မြန်မာ့ အသံကလွှင့်တိုင်းလည်း ပတ္တလားနဲ့ စန္ဒရား ဝင်တီးပေး ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ပန်တျာကျောင်းနဲ့ ယဉ်ကျေးမှုဌာနတို့အတွက် မြန်မာသီချင်းကြီးများ မူမှန် ဖြစ်ရေးကူညီဆောင်ရွက်ပေးခဲ့တဲ့အပြင် မြန်မာနိုင်ငံ “မဟာဂီတဝါဂီနစ်အဖွဲ့ချုပ်” ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။ သင်္ချာဘာသာတွဲ တစ်ခုဖြစ်တဲ့ Vector Analysis က Symbols တွေကို သုံးပြီး သီချင်းကြီး အပုဒ် ၂၅၀ ခန့်ကို ဂီတသင်္ကေတထွင်ပေးခဲ့ပါတယ်။
ထူးထူးခြားခြား လယ်တီဆရာတော်ကြီးရဲ့ တရားတော်တွေကို အင်္ဂလိပ်ဘာသာပြန်ပေးတဲ့ ပထမ ကျော် ဆရာတော်ဦးဉာဏရဲ့ တိုက်တွန်းချက်ကြောင့် လယ်တီဆရာတော်ကြီး ပြုစုခဲ့တဲ့ ပဋ္ဌာန်းဒီပနီ ကျမ်းကြီးကို ပါဠိဘာသာကနေ အင်္ဂလိပ်ဘာသာသို့ ဆရာကြီးက ၁၉၃၀ ပြည့်နှစ်ခန့်မှာ ပြန်ဆိုရေးသား ကုသိုလ်ပြုခဲ့ပါတယ်။ ၁၃-၁၂-၁၉၈၃ ခုနှစ် အင်္ဂါနေ့တွင် အသက် ၈၇ နှစ်အရွယ်၌ ဆရာကြီး ကွယ်လွန်ပါတယ်။
ဒေါက်တာ မောင်မောင်ခ(၁၉၁၇-၂၀၀၅)
ဆရာခကို ၂-၁၁-၁၉၁၇ ရက် (သောကြာနေ့)မှာ ဖခင် ဦးရွှေလွင်၊ မိခင် ဒေါ်စိန်တို့က မော်လမြိုင်မြို့၌ မွေးဖွားခဲ့ပြီး ၁၉၂၄ ခုနှစ်ကစပြီး ၁၉၃၁ ခုနှစ်အထိ မော်လမြိုင်က St.Augustines(SPG) ကျောင်း၊ ၁၉၃၂ ခုနှစ်မှ ၁၉၃၄ ခုနှစ်ထိ ရန်ကုန်မြို့မ အမျိုးသားအထက်တန်းကျောင်း တို့မှာ ပညာသင်ကြားခဲ့ပြီး ၁၉၃၄-၁၉၃၅ ပညာသင်နှစ်က စပြီး ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ရာ ၁၉၃၉ ခုနှစ်မှာ B.Sc(Hons) ဘွဲ့ကို ရူပဗေဒဘာသာရပ်နဲ့ ပထမဆင့်နဲ့ အောင်မြင်ဆွတ်ခူးခဲ့ပါတယ်။ အဲဒီ ၁၉၃၉ ခုနှစ်မှာပဲ အင်္ဂလန်နိုင်ငံကို ပညာတော်သင်အဖြစ် စေလွှတ် ခံရပြီး MSc,DIC နဲ့ Ph.D ဘွဲ့ သုံးခုရရှိခဲ့ပါတယ်။ ၁၉၄၄ ခုနှစ်မှာ မြန်မာပြည်ပြန်လာရာမှာတော့ ကမ္ဘာစစ်ကြောင့် အိန္ဒိယနိုင်ငံမှာ ရှစ်လခန့်သောင်တင်နေပြီး ၁၉၄၅ ခုနှစ်မှာ မြန်မာပြည်ပြန်ရောက်ရာ ပြန်ရောက်ရောက်ချင်းပဲ မိုးလေဝသဌာနမှာ လက်ထောက် ညွှန်ကြားရေးဝန်အဖြစ် အမှုထမ်းခဲ့ပါတယ်။ ၁၉၄၆ ခုနှစ် မှာတော့ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနကထိကအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင် ပြီး ဆရာခ အသက် ၃၀ ပြည့်ခါနီး ၁၉၄၇ ခုနှစ်မှာတော့ ပါမောက္ခရာထူး တိုးမြှင့်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံပညာရေး သမိုင်းမှာ ပထမဦးဆုံး မြန်မာလူမျိုး ရူပဗေဒပါမောက္ခ အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ရူပဗေဒပါမောက္ခအဖြစ် ၁၆ နှစ်ကြာ ဆောင်ရွက်ခဲ့ပြီးတဲ့နောက် ၁၉၆၃ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်အဖြစ် တာဝန်ပေးအပ် ခြင်းခံရပါတယ်။ ၁၉၆၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကို ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ရန်ကုန်လို့ အမည်ပြောင်းပြီး ဘာသာရပ်အလိုက် ထူးချွန်သူတွေပေါ်ထွက်ဖို့ Majoring System နဲ့ ပညာရေးစနစ်သစ် အကောင်အထည်ဖော်ရာမှာ ဆရာခလည်း ရှေ့တန်းကဦးဆောင်ပံ့ပိုးပေးခဲ့ရာ RASU ကနေ ဘွဲ့ရသူတွေထဲက ကမ္ဘာ့အဆင့်မြင့်တက္ကသိုလ်တွေသို့ သွားရောက်ပညာသင်ကြားပြီး ပါရဂူဘွဲ့ရသူပေါင်းများစွာ ပေါ်ထွက်ခဲ့ပါတယ်။ ဆရာခဟာ အနုပညာချစ်သူတစ်ဦးပီပီ ၁၉၅၁ ခုနှစ်မှာ တက္ကသိုလ်အနုပညာအသင်းကြီးကို စတင် တည်ထောင်ဖွဲ့ စည်းပေးခဲ့သလို မြန်မာပတ္တလားကို သုတေသနပြုပြီး သုတေသနပြုချက်တွေကို မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ် (J.B.R.S) မှာပုံနှိပ်ဖော်ပြခဲ့ကာ “ပတ္တလားကို အနောက်တိုင်းဂီတလွှမ်းမိုးမှုမရှိသော မြန်မာ့တူရိယာ” ဖြစ်ကြောင်း နိုင်ငံတကာကို သိစေခဲ့ပါတယ်။
အထက်တန်းကျောင်းတွေနဲ့ တက္ကသိုလ်တွေအတွက် သင်ထောက်ကူသိပ္ပံပစ္စည်းတွေ ထုတ်လုပ်ရာ သိပ္ပံပစ္စည်း အလုပ်ရုံ (Science Workshop) ကို ရူပဗေဒပါမောက္ခ ဦးစံသာအောင်၊ ဓာတုဗေဒပါမောက္ခ ဦးအောင်ခင်တို့နဲ့ အတူ ၁၉၆၄-၆၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်ကစပြီး စာပေးစာယူသင်တန်း (နောင်အဝေး သင်တက္ကသိုလ်) ဖြစ်မြောက်အောင် ဆရာခက စတင် မြေတောင်မြှောက်ပေးခဲ့ပါတယ်။ ပါမောက္ခချုပ်တာဝန်နဲ့ ၁၄ နှစ်ကြာ ထမ်းဆောင်ပြီး ၂၀-၉-၁၉၇၇ ခုနှစ်မှာ သက်ပြည့်ပင်စင်ယူပါတယ်။ ၁၅-၂-၂၀၀၅ (အင်္ဂါနေ့) အသက် ၈၈ နှစ်မှာ ဆရာခ ကွယ်လွန်ပါတယ်။
ဒေါက်တာချစ်ဆွေ (၁၉၃၁-၂၀၁၉)
ဆရာချစ်ကို ဖခင် ဦးဟန်တင်၊ မိခင် ဒေါ်သန်းတို့က ၂၅-၅-၁၉၃၁ ရက် (တနင်္လာနေ့)မှာ လယ်ဝေးမြို့နယ် အေလာ မြို့မှာ မွေးဖွားပါတယ်။ ၁၉၄၆-၁၉၄၇ ပညာသင်နှစ်မှာ ၁၀ တန်းအောင်မြင်ပြီး မန္တလေးယူနီဗာစီတီကောလိပ်နဲ့ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်မှာ သိပ္ပံဘွဲ့ရရှိကာ ၁၉၅၁-၁၉၅၂ ခုနှစ်အထိ မန္တလေးယူနီဗာစီတီကောလိပ် သင်္ချာဌာနနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ လန်ဒန်မြို့ Imperial College၊ Royal College of Science တွင် ပညာသင်ကြားခဲ့ပြီး အထူးပြု သိပ္ပံတွဲဖြင့် ARCS ဘွဲ့ကို ရရှိခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ မန္တလေး ယူနီဗာစီတီမှာ သင်္ချာလက်ထောက်ကထိက၊ ၁၉၅၇ ခုနှစ် မှ ၁၉၆၄ ခုနှစ်အထိ သင်္ချာကထိကအဖြစ် ဆောင်ရွက်ခဲ့ပါ တယ်။ အဲဒီလိုတာဝန်ထမ်းနေစဉ် ဗြိတိသျှ အစိုးရစရိတ်နဲ့ ဗြိတိန်နိုင်ငံ Liverpool University ကို တက်ရောက်ပြီး Mathematical Statistics (Decision Theory) ဘာသာ တွဲနဲ့ ပါရဂူဘွဲ့ ရခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှ ၁၉၆၇ ခုနှစ် အထိ စီးပွားရေးတက္ကသိုလ် သင်္ချာဌာန ဌာနမှူးအဖြစ် ဆောင်ရွက်ပြီး ၁၉၆၇ ခုနှစ်က စ၍ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် သင်္ချာပါမောက္ခအဖြစ် စတင်ဆောင်ရွက် ပါတယ်။ RASU မှာ သင်္ချာပါမောက္ခအဖြစ်ဆောင်ရွက်နေစဉ်မှာပဲ မြန်မာပြည်မှာ ကွန်ပျူတာပညာရပ် ဖွံ့ဖြိုး တွင်ကျယ်ရေး စတင်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၁၉၇၀ ပြည့်နှစ်မှာ စတင်အကောင်အထည်ဖော်နိုင်ပြီး ဆရာချစ် လည်း ၁၉၇၀ ပြည့်နှစ်မှ ၁၉၇၆ ခုနှစ်အထိ တက္ကသိုလ် များ ကွန်ပျူတာဌာန ညွှန်ကြားရေးမှူးတာဝန်ကို ပူးတွဲ ထမ်းဆောင်ရပါတယ်။
၁၉၆၇ ခုနှစ်မှာ နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ် အနေနဲ့ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်မှ ၁၉၇၆ ခုနှစ်အတွင်း UNDP နဲ့ UNESCO အစီအစဉ်တွေနဲ့ ဗြိတိန်၊ ပြင်သစ်၊ ချက်ကိုစလိုဗက်ကီး ယားနဲ့ အမေရိကကို ကွန်ပျူတာတက္ကသိုလ်ထူထောင်ရေး၊ ကွန်ပျူတာပညာရပ် လေ့လာရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်တွင် ဩစတြေးလျ နိုင်ငံမှာကျင်းပတဲ့ သင်္ချာကွန်ဂရက်ကို တက်ရောက်ခဲ့ပါ တယ်။ ဆရာချစ်ဟာ တက္ကသိုလ်များ ဗုဒ္ဓဘာသာအသင်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီး တက္ကသိုလ်ဓမ္မာရုံကြီး အကြီးစားပြုပြင် မွမ်းမံရေးကြိုးစားဆောင်ရွက်ခဲ့သလို မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါ တယ်။ တက္ကသိုလ်များ အရန်တပ်ရင်းရဲ့ တပ်ရင်းမှူး အဖြစ် ဆောင်ရွက်ခဲ့သလို နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်ဆရာဖြစ်သင်တန်းက သင်တန်းသား သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို မရမ်းကုန်းမြို့နယ်ရှိ ကျောင်းထိုင်ဘုန်းတော်ကြီး သင်တန်းကျောင်းမှာ ၁၉၈၅ ခုနှစ်ကစပြီး Management ဘာသာသင်ကြားပေးခဲ့ပါတယ်။
၁၉၈၆ ခုနှစ်မှာ ဆရာချစ်ဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်အဖြစ် ခန့်အပ်ခံရပြီး ပါမောက္ခချုပ်ရာထူးနဲ့ အငြိမ်းစားယူပါတယ်။ အသက်အရွယ်ရလာတဲ့အခါမှာ တော့ ဇနီး၊ သားသမီးတွေနဲ့အတူ အေးချမ်းပျော်ရွှင်စွာ ဩစတြေး လျနိုင်ငံမှာနေထိုင်ပြီး တရားဓမ္မနဲ့ ပျော်မွေ့နေ ပါတယ်။ မြန်မာပြည်ပြန်လာတိုင်းလည်း တွေ့သမျှ တပည့်တွေကို တရားအားထုတ်ဖို့ အမြဲတိုက်တွန်း ပါတယ်။ ၂၅-၁၁-၂၀၁၉ ရက် (တနင်္လာနေ့) အသက် ၈၉ နှစ်အရွယ်တွင် ဆရာချစ် ဩစတြေးလျနိုင်ငံမှာ ကွယ်လွန်ပါတယ်။ တက္ကသိုလ်ရာပြည့်မှာ ဒီဆောင်းပါးနဲ့ ကျေးဇူးရှင် ဆရာကြီး ဆရာမကြီးများကို ပူဇော် ကန်တော့ ရေးသားလိုက်ရပါတယ်။ ။
ကျမ်းကိုး - မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၁၉၈၄၊ ၂၀၀၆၊ ၂၀၂၀။