မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် အစောဆုံးမြို့ပြများ ထူထောင်နိုင်ခဲ့သော သမိုင်းရှိသည့် နိုင်ငံဖြစ်သည်။ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာစသည့် ပျူခေတ်မြို့ပြနိုင်ငံများမှသည် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် စသည်ဖြင့် နှစ်ပေါင်းထောင်ချီ၍ စိုးစံခဲ့သည့် မင်းအဆက်ဆက်တို့၏လက်ထက်များတွင် မြို့များ အများအပြားတည်ဆောက်ခဲ့သော်လည်း မြေပြင်ပေါ်တွင် လက်ညှိုးထိုးပြစရာတစ်ခုမျှမရှိခဲ့။
တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး မြန်မာတို့၏ နောက်ဆုံးဘုရင်ဖြစ်သော သီပေါမင်းနှင့် မိဖုရားတို့ကို အိန္ဒိယသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက်တွင် အင်္ဂလိပ်တို့လက်ထဲသို့ ကျရောက်ခဲ့သော မန္တလေးနန်းတော်၏ သက်တမ်းမှာ ၂၆ နှစ်မျှသာရှိသေးသည်။ မြန်မာနိုင်ငံ ကိုလိုနီဘဝကျရောက်ချိန်တွင် သမိုင်းအစဉ်အလာကြီးသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ရှေးဟောင်းနန်းတော်ရာများအပါအဝင် ယဉ်ကျေးမှုအမွေအနှစ် အများအပြားရှိနေခဲ့ရာ နယ်ချဲ့တို့၏ အကွက်ချဖျက်ဆီးမှုများကြောင့် အများအပြားပျက်စီးခဲ့ရသည်။ ရှေးဟောင်းစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ၊ မြို့ရိုးများမှအုတ်များကို ဖြိုဖျက်ယူ၍ လမ်းခင်းခြင်း၊ မြို့ရိုးများကိုဖျက်၍ ရထားလမ်းများဖောက်ခြင်း၊ ရှေးဟောင်းမြို့ရိုးပေါ်တွင် ကားလမ်းတင်၍ဖောက်ခြင်း၊ နန်းတော်ရာများပေါ်တွင် အကျဉ်းထောင်ဆောက်လုပ်ခြင်း၊ မြန်မာတို့အထွတ်အမြတ်ထားသည့်နေရာတို့တွင် သင်္ချိုင်းများအဖြစ် ချထားပေးခြင်း၊ အောင်မြေကဲ့သို့သော နေရာတွင် ကြိုးစင်ဆောက်လုပ်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။
တပ်မတော်အစိုးရလက်ထက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ရည်ရွယ်ချက်များဖြင့် ရှေးခေတ်က အထင်အရှားတည်ရှိခဲ့သော နန်းတော်ရာများအနက် အနော်ရထာမင်းတရားကြီး၏ သီရိဇေယျဘူမိရွှေနန်းတော်(ပုဂံခေတ်)၊ ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီ ရွှေနန်းတော်(ဟံသာဝတီခေတ်)၊ အလောင်းမင်းတရားကြီး၏ ရွှေဘုံရတနာမင်္ဂလာရွှေနန်းတော် (ကုန်းဘောင်ခေတ်)၊ မင်းတုန်းမင်းတရားကြီး၏ မြနန်းစံကျော်ရွှေနန်းတော် (ရတနာပုံခေတ်)တို့ကို ရှေးဟောင်းစာပေနှင့် ရုပ်ပုံမှတ်တမ်းများ၊ ပန္နက်ရာများ၊ နန်းတော်အကြွင်းအကျန်များနှင့် တိုက်ဆိုင်ကာ မူလပုံစံနှင့်ပုံစံတူနန်းတော်များကို ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ပြန်လည်ဆောက်လုပ်ခဲ့သည်။
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ယဉ်ကျေးမှုအစဉ်အလာကြီးမားသည့် နိုင်ငံကြီးများဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံတို့တွင် နှစ်ပေါင်းထောင်ချီနေသည့် ယဉ်ကျေးမှုအမွေအနှစ်များ၊ နန်းတော်ကြီးများကို အထင်အရှားတွေ့မြင်နိုင်ပြီး ကောင်းမွန်စွာထိန်းသိမ်းထားကြသည်ကို အတုယူဖွယ်တွေ့မြင်ရသည်။ အဆိုပါရှေးဟောင်းအမွေအနှစ်များသည် နိုင်ငံနှင့် လူမျိုးတို့၏ ဂုဏ်ယူဖွယ်ရာ သမိုင်းကြောင်းထည်ဝါမှုကို ဖော်ထုတ်ပြသသည့်နေရာများဖြစ်ပြီး ပြည်ပမှလာရောက်ကြသည့် လေ့လာသူများ၊ ခရီးသည်များကို ဆွဲဆောင်သည့်နေရာများလည်းဖြစ်သည်။
လက်ရှိနိုင်ငံတော်အစိုးရလက်ထက်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း ဟံသာဝတီမြို့ဟောင်း၊ မြို့ရိုးနှင့် ကျုံးတို့ကို ပြန်လည်တူးဖော်ထိန်းသိမ်းခြင်း၊ ကေတုမတီတောင်ငူမြို့ဟောင်း ဖော်ထုတ်ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ တိမ်မြုပ်ပျောက်ကွယ်နေသည့် နိုင်ငံ့သမိုင်းတစ်လျှောက်မှ ကြီးကျယ်ခမ်းနားခဲ့သည့် ပုံရိပ်မြင်ကွင်းများမှာ ပြန်လည်မှန်းဆကြည့်နိုင်အောင် ပေါ်ထွက်လာကြမည်ဖြစ်သည်။ ရှေးဟောင်းသမိုင်းဝင် အထင်ကရအမွေအနှစ်များ ပြန်လည်ထိန်းသိမ်းမှု ပြည့်စုံလာသည်နှင့်အမျှ ဒေသ၏အထင်ကရ အထိမ်းအမှတ်နေရာတစ်ခုအဖြစ် ဂုဏ်ယူဖွယ်ရာ ပေါ်ထွက်လာမည်ဖြစ်ပြီး ဒေသအတွက်လည်း အခွင့်အလမ်းကောင်းများ ဖြစ်ပေါ်လာမည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းသည် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းတွင် နိုင်ငံတော်အားကူညီရန် တာဝန်ရှိသည့်အလျောက် လူတိုင်းကိုယ်စီ နိုင်ငံတာဝန်ကျေပွန်ကြရပါမည့်အကြောင်း။ ။