နေပြည်တော် ဇူလိုင် ၃၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနသုံးခုတို့မှ ဝန်ထမ်းများ၏ သားသမီးများအနက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ပညာသင်ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်နှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝန်ကြီးရုံးစုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနတစ်ခုလုံးရှိ ဝန်ထမ်းမိသားစုများ၏ သားသမီးများဖြစ်သည့် ၂၀၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ငါးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် လေးဦး စုစုပေါင်း ဂုဏ်ထူးရကျောင်းသား ကျောင်းသူခြောက်ဦးနှင့် ရိုးရိုးအောင်မြင်သူ ၂၂ ဦးတို့ကို ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် မူလတန်းအဆင့် ၇၃၉ ဦး၊ အလယ်တန်းအဆင့် ၂၃၅ ဦး၊ အထက်တန်းအဆင့် ၁၆၆ ဦး၊ တက္ကသိုလ်တက်ရောက်သူ ၃၃၆ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၄၇၆ ဦးအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ငါးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် လေးဦး စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ခြောက်ဦးနှင့် တက္ကသိုလ်တက်ရောက်နေသူများကို ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ အထက်တန်းတက်ရောက်နေသူ ကျောင်းသား ကျောင်းသူများကို ပြည်ထောင်စုဝန်ကြီး၏ ဇနီးကလည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများကို ဒုတိယဝန်ကြီး ဦးစိုးကြည်ကလည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများကို ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးကလည်းကောင်း ပညာသင်ထောက်ပံ့ငွေများ ပေးအပ်သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပညာသင်ထောက်ပံ့ကြေးငွေများကို နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ စုစုပေါင်းကျောင်းသား ကျောင်းသူ ၁၅၀၄ ဦးအတွက် ငွေကျပ် ၂၉၂၃၅၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်