Skip to main content

ဝန်ကြီးချုပ် ဦးဝင်းသိန်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ခရိုင်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်တွေ့ဆုံ

ပြည် အောက်တိုဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြည်မြို့၊ သီရိခေတ္တရာ ရတနာမြို့တော် ခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုရေးအတွက် ပြည်ခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ကျန်းမာရေးနှင့်အားကစားဝန်​​ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ ပေးအပ်ထားပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင် ပြည်သူ တစ်ဦးချင်း မိမိတို့ လိုလားသည့် အစိုးရတစ်ရပ်ကို လွတ်လပ်စွာ ရွေးချယ်မဲပေးနိုင်ရေး အလွန်အရေးကြီး ကြောင်း၊ မဲရုံအပြင်တွင်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို အသိပေးဆိုင်းဘုတ်များ စိုက်ထူထားရန်နှင့် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအလိုက် လိုအပ်ချက်များ တင်ပြပေးရန် ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေများနှင့် ပတ်သက်၍လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်က မဲဆန္ဒရှင် ပြည်သူများ မဲပေးရာတွင် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ထား ရှိမှုအခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦး‌ကျော်ညွန့်က ပြည်ခရိုင်အတွင်းရှိ မဲဆန္ဒရှင်များ၏ အခြေအနေ၊ မဲရုံဆောင်ရွက်ထားရှိမှုအခြေအနေ၊ ယာယီမဲရုံ ဆောက်လုပ်ရန်အ‌ခြေအနေ၊ မဲရုံသုံးပစ္စည်းများ ရရှိမှုအခြေအနေနှင့် ဝန်ထမ်းအင်အား ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ အခြေအနေ၊ ကော်မရှင်၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား သင်တန်းပေးသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ခရိုင်အတွင်းရှိ ပြည်၊ ပန်းတောင်း၊ ရွှေတောင်၊ ပေါင်းတည်၊ သဲကုန်း၊ ပေါက်ခေါင်း မြို့နယ်မှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများက မိမိတို့မြို့နယ်အလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အခက်အခဲများ၊ လျှပ်စစ်မီးမရရှိသည့် မဲရုံများအား မီးရရှိအောင် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများနှင့် မဲရုံများအလိုက် လိုအပ်ချက်များ တင်ပြကြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ တာဝန်ရှိသူများထံ ကျန်းမာရေးသုံးအထောက်အပံ့ပစ္စည်း များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပြည်ခရိုင်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် မဲရုံပေါင်း(၉၉၅)ရုံ၊ မဲဆန္ဒရှင်ဦးရေ(၇၂၇၁၁၂)ဦးရှိပြီး ဝန်ထမ်းအင်အားအနေဖြင့် မဲရုံပရဝဏ် အတွင်း၌ ပညာရေးဝန်ထမ်း၊ ရပ်ကျေးကော်မရှင်(၁၂၃၅၃)ဦး၊ မဲရုံပြင်ပ၌ ပညာရေး၊ ကျန်းမာရေး၊ Volunteer၊ အုပ်ချုပ်ရေး၊ ထွေအုပ်(၄၉၇၅)ဦးနှင့်  လုံခြုံရေးအတွက်အထူးရဲအင်အား (၉၉၅)ဦး အသုံးပြုကာ နိုင်ငံရေးပါတီပေါင်း(၈)ပါတီမှ ကိုယ်စားလှယ်(၈၇)ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းစိုး (ပြန်/ဆက်)