၁၉၈၈ ခုနှစ်တွင် မြန်မာ့နိုင်ငံရေးမှာ အချိုးအကွေ့တစ်ခုသို့ ရောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးစအချိန်က နယ်ချဲ့လက်အောက်မှ လွတ်မြောက်ခါစ ကမ္ဘာ့နိုင်ငံများစွာတို့မှာ အရင်းရှင်တို့၏ ကိုလိုနီစနစ်အပေါ် နာကြည်းမှုများဖြင့် ကွန်မြူနစ်၊ ဆိုရှယ်လစ်စသော လက်ဝဲအယူအဆများအပေါ် တိမ်းညွှတ်ခဲ့ကြသည်။ ဆိုရှယ်လစ်နိုင်ငံ၊ ကွန်မြူနစ်နိုင်ငံများ ထူထောင်ခဲ့ကြသည်။ လွတ်လပ်ပြီးစ မြန်မာနိုင်ငံသည် ဆိုရှယ်လစ်နိုင်ငံအဖြစ် မျှော်မှန်းခဲ့သော်လည်း သမိုင်းရေးအခြေအနေများအရ ပါလီမန်စနစ်ကို ကျင့်သုံးခဲ့ရပြီး ၁၉၆၂ ခုနှစ်တွင်မှ ဆိုရှယ်လစ်စနစ်ကို စတင်နိုင်သည်။
၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်းကာလတွင် ဗဟိုဦးစီးစနစ်၏ ပြောင်းလွယ်ပြင်လွယ်မရှိမှု၊ စီမံကိန်းချ စီးပွားရေးစနစ်များ မအောင်မြင်မှုတို့အပြင် အခြားသောအထွေထွေ အကြောင်းရင်းခံများကြောင့် ဆိုရှယ်လစ်၊ ကွန်မြူနစ်တို့ကို အများပြည်သူတို့ ငြီးငွေ့စိတ်ပျက်လာသည်။ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်တို့ကို ကျင့်သုံးပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများကိုအားကျကာ လက်ဝဲဝါဒများ နေဝင်ချိန်သို့ရောက်လာသည်။ မြန်မာနိုင်ငံတွင်လည်း ပြည်သူလူထုအများစုက တစ်ပါတီဗဟိုဦးစီးစနစ်ကို စွန့်လွှတ်ကာ ပါတီစုံဒီမိုကရေစီစနစ်သို့သွားလိုကြောင်း ၁၉၈၈ ခုနှစ်တွင် ကျယ်ကျယ်ပြန့်ပြန့်ဆန္ဒပြုခဲ့ကြသည်။ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ပြဋ္ဌာန်းကာ ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဒီမိုကရေစီအစိုးရ ပထမသက်တမ်းစတင်ခဲ့သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ဒီမိုကရေစီ အစိုးရနှစ်ဆက်မျှသာရှိသေးသည့် မိမိတို့နိုင်ငံမှာ ဒီမိုကရေစီသက်တမ်း နုနယ်သေးသည်နှင့်အမျှ အတွေ့အကြုံမှာလည်း နည်းလှသေးတယ်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီ၏ အသာစီးယူမှု၊ ဥပဒေကျော်လွန်ဆောင်ရွက်မှု၊ မသမာမှုနှင့် အမှုများမရှင်းဘဲ လွှတ်တော်ကို ဇွတ်ခေါ်ရန် ကြိုးပမ်းမှုတို့က နိုင်ငံတော်တွင် နိုင်ငံရေးအရ အရေးပေါ်အခြေအနေသို့ ကျရောက်စေခဲ့သည်။ ဤသို့ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ ပေါ်ပေါက်လာခဲ့ရပြီးနိုင်ငံတွင် ချွတ်ချော်တိမ်းစောင်းခဲ့ရသော ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်တည့်မတ်ရန် ကြိုးပမ်းခဲ့ရာ ယခုအခါ လေးနှစ်ခွဲသက်တမ်းသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
ပြီးခဲ့သည့် လေးနှစ်ခွဲကြာ ဖြတ်သန်းခဲ့ရသည့် ခရီးကိုပြန်ကြည့်မည်ဆိုလျှင် စိန်ခေါ်မှုများ၊ ခက်ခဲကြမ်းတမ်းမှုများနှင့်အညီ ဖြစ်ပေါ်တိုးတက်မှုများစွာကိုလည်း တွေ့ရှိနိုင်သည်။ အကယ်၍သာ အဖျက်အမှောင့် အနှောင့်အယှက်များ ကင်းရှင်းခဲ့မည်ဆိုလျှင် မျက်မှောက်ကာလ၏ နိုင်ငံရေးအခင်းအကျင်းများ တစ်မျိုးတစ်ဖုံဖြစ်နေနိုင်သည်။ ရွေးကောက်ပွဲရလဒ်အပေါ် ထင်သလိုလုပ်ခွင့်မရခဲ့သည့် နိုင်ငံရေးသမားတို့မှာ အကြမ်းဖက်သမားများဘဝသို့ ရောက်ရှိသွားခဲ့ကြပြီး လက်နက်အားကိုးဖြင့် ဒေသခံပြည်သူများအပေါ် ထင်သလိုခြယ်လှယ်နေသူများ၊ နောက်လိုက်နောက်ပါများ မွေးမြူပြီး ကိုယ်ကျိုးစီးပွား အကြီးအကျယ် ရှာဖွေကြသူများ၊ နယ်စားပယ်စားစစ်ဘုရင်၊ စစ်အာဏာရှင်များဖြစ်လာကြသည်။ နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့မှာမူပြီးခဲ့သည့် လေးနှစ်ခွဲကာလအတွင်း အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူများကို ဒေသအနှံ့အပြားတွင် ကျားကုတ်ကျားခဲ တိုက်ခိုက်ချေမှုန်းခဲ့ရသလို ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံမှု၊ အင်အားအလွန်ကြီးမားသည့် မိုခါဆိုင်ကလုန်းမုန်တိုင်း၊ ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှု၊ အလွန်အင်အားပြင်းထန်သည့် မန္တလေးငလျင်ကြီးစသည့် သဘာဝဘေးအန္တရာယ်ကြီးများ ကျရောက်မှုအပေါ် ကြိုတင်ပြင်ဆင်ကာကွယ်မှုများ၊ အရေးပေါ်တုံ့ပြန်မှုများ၊ ပြန်လည်ထူထောင်မှုများကို အတူတကွရင်ဆိုင်၊ အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်ကျော်လွှားခဲ့ရသည်။
ယနေ့မှစ၍ လအနည်းငယ်မျှ ကျော်လွန်ပြီးသည့်နောက်တွင် မြန်မာပြည်သူလူထုသည် မိမိတို့၏ကိုယ်စား နိုင်ငံ့အရေးအရာများကို တာဝန်ယူဆောင်ရွက်ကြရမည့် ကိုယ်စားလှယ်များကို ဆန္ဒမဲပေး ရွေးကောက်ကြရတော့မည်ဖြစ်သည်။ ပါတီစုံရွေးကောက်ပွဲနှင့် ဆန္ဒမဲပေးခြင်းတို့သည် ဒီမိုကရေစီစနစ်၏ အနှစ်သာရပင်ဖြစ်ရာ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေးတွင် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အနှောင့်အယှက်ကင်းကင်း၊ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။