Skip to main content

ငြိမ်းချမ်းရေးလုပ်ငန်းအပေါ်ယုံကြည် နိုင်ငံတော်နှင့်အတူ ပူးပေါင်းလက်တွဲ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရက PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိသည်။

ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အချို့နှင့် ဥပဒေပြင်ပရောက်ရှိခဲ့ကြသည့်လူငယ်များသည် လမ်းမှန်ပေါ်သို့ တဖွဲဖွဲပြန်လည်ဝင်ရောက်လျက်ရှိသည်။ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား သက်ဆိုင်ရာအဖွဲ့အစည်းများက နွေးထွေးစွာပြန်လည် ကြိုဆိုလက်ခံပြီး လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိသည်။

၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၇ ရက်နေ့အထိ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ဘက်သို့ ရောက်ရှိခဲ့ကြသော TNLA အဖွဲ့ဝင် လေးဦး၊ DPLA အဖွဲ့ဝင် ၄၁ ဦးနှင့် MDY-PDF အဖွဲ့ဝင် ၅၂ ဦး စုစုပေါင်း ၉၇ ဦးတို့သည် လက်နက်မျိုးစုံ ၁၃ လက်၊ ကျည်မျိုးစုံ ၁၅၁၅ တောင့်၊ ကျည်အိမ် ၁၂ ခုနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည်။ အကြမ်းဖက်သောင်းကျန်းသူများ၏ တော်လှန်ရေးဆိုသော လက်နက်ကိုင်လမ်းစဉ်၏ ပကတိအခြေအနေမှန်နှင့် နိုင်ငံတော်၏ ဆောင်ရွက်ချက်များကို နားလည်သဘောပေါက်လာကြသဖြင့် ယခင်ကလည်း PDF အဖွဲ့ဝင်များ ဥပဒေဘောင်အတွင်းသို့ မကြာခဏဝင်ရောက်မှုများရှိခဲ့သလို ထပ်မံ၍လည်း လမ်းမှန်ပေါ်သို့ ရောက်ရှိလာကြမည့် သူများလည်းရှိသည်။

ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် MDY-PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များအနေဖြင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြား ဆက်ဆံမှုများနှင့် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အဓမ္မ ကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ကြရခြင်းတို့နှင့် ကြုံတွေ့လာကြသည်။

ထို့အပြင် တပ်မတော်၏တိုက်စစ်ကို ပြန်လည်ခုခံနိုင်စွမ်းမရှိတော့ခြင်း၊ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံလာကြပြီး ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုကို ပြန်လည်ပေးဆပ်လိုသောကြောင့် အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်များအား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြခြင်းဖြစ်သည်။ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများအား တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက နွေးထွေးပျူငှာစွာကြိုဆိုကြပြီး စိတ်အေးချမ်းမြေ့စွာဖြင့် မိဘအုပ်ထိန်းသူများ၏ အရိပ်အောက်တွင် အေးချမ်းစွာနေထိုင်ကြကာ နိုင်ငံနှင့် ပြည်သူအတွက် ပြန်လည်အလုပ်အကျွေးပြုနိုင်တော့မည်ဖြစ်သည်။

ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် PDF အဖွဲ့ဝင်များအား ဝန်ခံ ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်သည့်အခါ တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။ ယခုအခါ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိနေကြသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ပေးအပ်သွားမည်ဖြစ်ပြီး လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ တော်လှန်ရေးအမည်ခံပြီး အကြမ်းဖက်လုပ်ငန်းစဉ်များ လုပ်ကိုင်နေသူများ၏ တိုင်းပြည်နှင့် လူမျိုးအပေါ် ထိခိုက်ဆုံးရှုံးနစ်နာစေမှုများနှင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့၏ တိုင်းပြည်နှင့် လူမျိုးအပေါ်ထားရှိသည့် စေတနာမေတ္တာများကို နားလည်သဘောပေါက်ကြကာ အေးချမ်းသာယာဝပြောပြီး ငြိမ်းအေးချမ်းသာသည့် လူ့ဘောင်လောကကို အတူလက်တွဲပါဝင်ဆောင်ရွက်နိုင်ရန် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။