Skip to main content

ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ရုံးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်

ရန်ကုန် ဇူလိုင် ၂၇

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ဇူလိုင် ၂၅ ရက်က ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ရုံးလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုံးလုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။

ယင်းနောက် တာဝန်ခံညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သွားမည့်လုပ်ငန်းစီမံကိန်းများ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနေထိုင်သည့် တောင်ဒဂုံမြို့နယ် ကွေ့မဝန်ထမ်းအိမ်ရာနှင့် သန်လျင်မြို့နယ် ညောင်သုံးပင်ဝန်ထမ်းအိမ်ရာတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ တွေ့ဆုံမေးမြန်းကာ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အဆင့် မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားကျေးရွာသည် မိမိတို့ဝန်ကြီးဌာနအတွက် အဓိကပြယုဂ်တစ်ခုပင်ဖြစ်ပြီး တိုင်းရင်းသားများ၏ဓလေ့ထုံးစံများကို အများပြည်သူများ၊ ခရီးသွားဧည့်သည်များ စိတ်ချမ်းသာစွာ လာရောက်လေ့လာအပန်းဖြေနိုင်ရန်အတွက် အမြဲသန့်ရှင်းသာယာလှပ၍ စိန်းလန်းစိုပြည်နေရန်လိုအပ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ပါ လုပ်ငန်းစီမံကိန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် အားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားရန် ပြောကြားသည်။

ထို့နောက် တာဝန်ခံညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းတင်ပြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်း တိုင်းရင်းသားရိုးရာစားသောက်ဆိုင်ခန်းများ၊ တိုင်းရင်းသားရိုးရာအိမ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်သည်။

ယင်းနောက် ပြည်သူများ၊ ခရီးသွားဧည့်သည်များ စိတ်ချမ်းမြေ့စွာ လာရောက်လည်ပတ် အပန်းဖြေနေမှုကို လိုက်လံကြည့်ရှုပြီး ဝန်ထမ်းအိမ်ရာများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်သောင်တူးခြင်းလုပ်ငန်း၊ မြေယာရှုခင်းပြုပြင်ခြင်းလုပ်ငန်း၊ ပန်းအလှစိုက်ပျိုးခြင်းလုပ်ငန်း၊ အပျိုဆောင်အထွေထွေပြုပြင်ခြင်းလုပ်ငန်း၊ အထွေထွေပြုပြင်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်