Skip to main content

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ နေပြည်တော်ကောင်စီနယ်မြေအတွင်း အောင်မြင်သူ ၅၇၄၁ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်း ၄၆ ဒသမ ၂၇ ရာခိုင်နှုန်းရှိ

နေပြည်တော် ဇူလိုင် ၂၇

၂၀၂၅ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် မန္တလေးငလျင်ကြီး ဘေးဒဏ်ခံခဲ့ရသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွက် ပြန်လည်ဖြေဆိုသော ၂၀၂၅ ခုနှစ် ဇွန်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာနကျောင်းများ၌လည်းကောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ၌လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝင်ရောက်ဖြေဆိုသူ ၁၂၄၀၇ ဦးရှိသည့်အနက် အောင်မြင်သူ ၅၇၄၁ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်းအနေဖြင့် ၄၆ ဒသမ ၂၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စာစစ်ဌာနဖွင့်လှစ်ထားသောကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့ရာ ကျောင်းသား ကျောင်းသူများနှင့် မိဘများသည် စိတ်အားထက်သန်စွာဖြင့် လာရောက်ကြည့်ရှုကြသည်။

ယခုကဲ့သို့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ခြင်းနှင့်စပ်လျဉ်း၍ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဦးက “ကျွန်တော့် စာစစ်ဌာနအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား ကျောင်းသူပေါင်း ၃၃၉ ဦးရှိခဲ့ပြီး ဖြေဆိုအောင်မြင်သူ ၁၁၃ ဦးရှိပါတယ်။ ဒါကြောင့် အောင်ချက်ရာခိုင်နှုန်းအနေနဲ့ ၃၃ ဒသမ ၃၃ ရာခိုင်နှုန်းရှိပါတယ်။ ဂုဏ်ထူးရရှိမှုအနေနဲ့ ခြောက်ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင်ရှစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၂ ဦးနဲ့ တစ်ဘာသာဂုဏ်ထူးရှင် ၂၆ ဦး ထွက်ရှိတဲ့အတွက် စုစုပေါင်းဂုဏ်ထူးရှင် ၄၈ ဦးရှိပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲကို အခက်အခဲတွေကြားကနေ ကြိုးစားအားထုတ်ပြီး အောင်မြင်မှုရရှိအောင် ကြိုးစားဖြေဆိုခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေအစား ဂုဏ်ယူမိပါတယ်။ စာမေးပွဲပြန်လည်ဖြေဆိုကြဖို့ တွန်းအားပေးခဲ့ကြတဲ့ မိဘတွေကိုလည်း ကျေးဇူးတင်ပါတယ်။ စာမေးပွဲမအောင်မြင်ခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့လည်း စိတ်အားငယ်စရာမလိုဘဲ ဆက်လက်ကြိုးစားဖြေဆိုကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ ဒီနှစ် Grade-12 တက်ရောက်ကြမယ့် ကျောင်းသား ကျောင်းသူတွေအနေနဲ့လည်း ရှေ့ကအစ်ကိုတွေအစ်မတွေရဲ့ အခက်အခဲတွေကြားကနေ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြပြီး အောင်မြင်မှုရယူခဲ့ကြတာကို အတုယူကြစေလိုပါတယ်” ဟုပြောသည်။

အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းခိုင်က “ကျွန်တော့်ကျောင်းမှာ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇီဝဗေဒဘာသာတွဲ ၄၈ ဦး ဝင်ရောက်ဖြေဆိုမှုမှာ အောင်မြင်သူ ၃၀ နဲ့ ဘောဂဗေဒဘာသာတွဲမှာ အောင်မြင်သူသုံးဦးဖြစ်တဲ့အတွက် အောင်မြင်မှုရာခိုင်နှုန်းက ၄၉ ဒသမ ၂၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဂုဏ်ထူးရရှိမှုအနေနဲ့ လေးဘာသာတစ်ဦး၊ သုံးဘာသာငါးဦး၊ နှစ်ဘာသာ၊ တစ်ဘာသာနဲ့ စုစုပေါင်း ၂၇ ဦး ဖြစ်ပါတယ်။ ဒုတိယအကြိမ်ဖြေဆိုမှုအတွက်လည်း ကျောင်းသား ကျောင်းသူတွေမျှော်မှန်း သလိုဖြစ်ခဲ့တယ်လို့လည်း ယုံကြည်ပါတယ်။ အောင်မြင်တဲ့ ကျောင်းသားကျောင်းသူများနဲ့ ဂုဏ်ထူးရကျောင်းသား ကျောင်းသူများအတွက်သူတို့ရဲ့ မိဘတွေကိုယ်စားလည်း ဂုဏ်ယူပါတယ်။ သူတို့တွေဖြစ်ချင်တဲ့ ဆန္ဒနဲ့ကျောင်းကောင်းကောင်းတွေကို တက်ရောက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ ကျရှုံးတဲ့ ကျောင်းသားကျောင်းသူတွေလည်း စိတ်ဓာတ်မကျဘဲ ခွန်အားအသစ်တွေနဲ့ ဆက်လက်ဖြေဆိုကြိုးစားကြပါလို့ ပြောချင်ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲက အခြေခံပညာရဲ့အမြင့်ဆုံးစာမေးပွဲဖြစ်ပါတယ်။ ဒီစာမေးပွဲက ကလေးတွေကိုယ်တိုင် ကြိုးစားမှသာလျှင် ရည်မှန်းတဲ့ပန်းတိုင်ကို ရောက်ရှိမှာဖြစ်လို့ ဇွဲ၊ ဝီရိယ၊ လုံ့လတွေနဲ့ ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်” ဟုပြောသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြေဆိုအောင်မြင်မှုအနေဖြင့် ပျဉ်းမနားမြို့နယ်၌ ဂုဏ်ထူးရကျောင်းသား ကျောင်းသူ ၄၇၉ ဦး၊ ရိုးရိုးအောင်မြင်သူ ၆၉၉ ဦး စုစုပေါင်း ၁၁၇၈ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၅၁ ဒသမ ၈၅ ရာခိုင်နှုန်း၊ ဇမ္ဗူသီရိမြို့နယ်၌ ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူပေါင်း ၂၁၄ ဦး၊ ရိုးရိုးအောင်မြင်သူ ၃၈၈ ဦး စုစုပေါင်း ၆၀၂ ဦး၊ အောင်ချက်ရာခိုင် နှုန်း ၄၁ ဒသမ ၆၉ ရာခိုင်နှုန်း၊ လယ်ဝေးမြို့နယ်၌ ဂုဏ်ထူးရကျောင်းသား ကျောင်းသူ ၃၇၀၊ ရိုးရိုးအောင်မြင်သူ ၇၉၉ ဦး စုစုပေါင်း ၁၁၆၉ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၄၇ ဒသမ ၁၈ ရာခိုင်နှုန်း၊ ဒက္ခိဏသီရိမြို့နယ်၌ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ ၆၀၊ ရိုးရိုးအောင်မြင်သူ ၁၀၁ ဦး စုစုပေါင်း ၁၆၁ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၄၅ ဒသမ ၆၁ ရာခိုင်နှုန်း၊ ဥတ္တရသီရိမြို့နယ်၌ ဂုဏ်ထူးရကျောင်းသား ကျောင်းသူ ၂၄၄ ဦး၊ ရိုးရိုးအောင်မြင်သူ ၃၃၄ ဦး စုစုပေါင်း ၅၇၈ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၅၂ ဒသမ ၈၈ ရာခိုင်နှုန်း၊ တပ်ကုန်းမြို့နယ်၌ ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၂၆၉ ဦး၊ ရိုးရိုးအောင်မြင်သူ ၅၇၂ ဦး စုစုပေါင်း ၈၄၁ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၄၆ ဒသမ ၉၀ ရာခိုင်နှုန်း၊ ဇေယျာသီရိမြို့နယ်၌ ဂုဏ်ထူးရကျောင်းသား ကျောင်းသူ ၁၉၆ ဦး၊ ရိုးရိုးအောင်မြင်သူ ၄၁၄ ဦး စုစုပေါင်း ၆၁၀၊ အောင်ချက်ရာခိုင်နှုန်း ၄၃ ဒသမ ၇၃ ရာခိုင်နှုန်း၊ ပုဗ္ဗသီရိမြို့နယ်၌ ဂုဏ်ထူးရကျောင်းသား ကျောင်းသူ ၁၉၉ ဦး၊ ရိုးရိုး အောင်မြင်သူ ၄၀၃ ဦး စုစုပေါင်း ၆၀၂ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၃၈ ဒသမ ၁၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် ဇီဝဗေဒဘာသာရပ်ဂုဏ်ထူးဖြင့် အောင်မြင်သူ မောင်ပိုင်ထက်ဦးက “ကျွန်တော် ဂုဏ်ထူးရရှိတဲ့အပေါ် အင်မတန်ဝမ်းသာပါတယ်။ ဂုဏ်ထူးတွေအများကြီးမျှော်မှန်းခဲ့ပေမယ့် တစ်ဘာသာပဲထွက်ခဲ့ပါတယ်။ ကျန်တဲ့ဘာသာတွေလည်း အမှတ်များမယ်လို့ ထင်ပါတယ်။ ဒုတိယအကြိမ် ဖြေဆိုမှုကိုလည်း ကျေနပ်အားရမှုရှိပါတယ်။ ပထမအကြိမ်ဖြေဆိုမှုရဲ့ အားနည်းချက်တွေကို ပြင်ဆင်မှုရခဲ့ပါတယ်။ ကျွန်တော် အမှတ်စာရင်းအတွက်တော့ ရင်ခုန်နေပါတယ်။ ကျွန်တော်တက်ချင်တဲ့ကျောင်းကို တက်လို့ရမယ်လို့ မျှော်လင့်ထားပါတယ်။ နောင်လာနောက်သား ညီလေး၊ ညီမလေးတွေကိုလည်း တစ်နေ့စာတစ်နေ့ကို လေ့လာလေ့ကျင့်ကြပါလို့ ပြောချင်ပါတယ်။ အချိန်ပိုတွေရှိခဲ့ရင် ပြန်လှန်လေ့ကျင့်ခန်းတွေ၊ မေးခွန်းဟောင်းတွေကို လေ့ကျင့်ကြပါလို့ ပြောချင်ပါတယ်။ ကျရှုံးတဲ့သူငယ်ချင်းတွေကိုလည်း အားမလျှော့ဘဲ ဆက်လက်ကြိုးစားဖြေဆိုကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်၊ ဓာတု ဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဂုဏ်ထူးများဖြင့် အောင်မြင်သူ မကြည်နူးဆက်က “အခုလိုလေးဘာသာဂုဏ်ထူးရရှိမှုအပေါ် အင်မတန်ဝမ်းသာပါတယ်။ ဘာသာစုံဂုဏ်ထူးထွက်ဖို့ မျှော်မှန်းပြီး ကြိုးစားခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့နှစ်ဘာသာမှာ လွဲချော်မှုလေးရှိခဲ့တယ်လို့ထင်ပါတယ်။ ဂုဏ်ထူးမထွက်ခဲ့ပေမယ့် အမှတ်ကောင်းမယ်လို့ ထင်ပါတယ်။ ကျောင်းပုံမှန်တက်ပြီး တစ်နေ့စာတစ်နေ့ ပုံမှန်လေ့လာကျက်မှတ်ပါတယ်။ ပြန်လှန်လေ့ကျင့်ခန်းတွေလုပ်တဲ့ အချိန်မှာ တစ်နေ့စာတစ်နေ့လေ့လာခဲ့တာတွေက အထောက်အကူပြုပါတယ်။ သင်ခန်းစာတွေကို တစ်နေ့စာ တစ်နေ့ပုံမှန်လေ့လာကျက်မှတ်ရင်း တစ်နှစ်တာကို ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ်စာမေးပွဲဖြေဆိုမှုက အခွင့်အရေးတစ်ခုဖြစ်ခဲ့လို့ ကျေနပ်အားရမှုရှိခဲ့ပါတယ်။ ပထမအကြိမ်က အမှားတွေ၊ အားနည်းမှုတွေကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ နောက်ဖြေဆိုမယ့် မောင်လေး၊ ညီမလေးတွေကို Grade -12 က စိတ်ပင်ပန်းရမယ့် အတန်းမဟုတ်ဘူးလို့ ပြောချင်ပါတယ်။ တစ်နေ့စာ တစ်နေ့၊ တစ်ပတ်စာ တစ်ပတ်သင်ခန်းစာတွေကို သေချာလေ့ကျင့်မယ်ဆိုရင် အောင်မြင်အောင် ဖြတ်ကျော်နိုင်မယ့် အတန်းဖြစ်ပါတယ်။ ဂုဏ်ထူးတွေပါ မှန်းမယ်ဆိုရင်တော့ ဇွဲ၊ ဝီရိယ၊ လုံ့လတွေကို ပိုပြီးအားစိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ပြန်လှန်လေ့ကျင့်ခန်းနဲ့ မေးခွန်းဟောင်းတွေကို သေချာလေ့ကျင့်ကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံ(ရေဒီယို)၊ တိုင်းရင်းသားအစီအစဉ်များမှ ထုတ်လွှင့်ကြေညာပေးခဲ့ပြီး အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။

အေးအေးသန့်၊ ကျော်စွာဝင်း

ဓာတ်ပုံ-ကိုထိန်