နိုင်ငံတော်က တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး ဒေသအလိုက်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးဆွေးနွေးပွဲများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူမှုစီးပွားမြှင့်တင်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်လျက်ရှိရာ အစိုးရ၊ ပြည်သူလူထု၊ လူမှုအသိုက်အဝန်းများနှင့် ကွင်းဆက်မပြတ်ဘဲ ပိုမိုတိုးတက်ခိုင်မာအားကောင်းလာမည်ဟု ယုံကြည်ပါသည်။
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်အုပ်ချုပ်စီမံသူအဖွဲ့အစည်းများနှင့် အုပ်ချုပ်ခံလူမှုအသိုက်အဝန်းများအကြား များသောအားဖြင့် သူ့အလုပ်သူလုပ် ကိုယ်အလုပ်ကိုယ်လုပ်ဖြင့် ရပ်တည်လျက်ရှိရာ အချို့ကိစ္စရပ်များတွင် ပြည်သူလူထုနှင့်အလှမ်းဝေးပြီး ကွင်းဆက်ပြတ်သလိုမျိုးရှိခဲ့သည်။ နိုင်ငံတော်က ပြည်သူလူထုအကျိုးကို ဆောင်ရွက်ပေးနေသည်မှာမှန်သော်လည်း အချို့ကိစ္စများတွင် လက်တွေ့ဘဝနှင့် တစ်ထပ်တည်းမကျသဖြင့် လိုအပ်ချက်များ၊ မကျေနပ်မှုများရှိခဲ့မည်ဖြစ်သည်။ ယခုအခါ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိသဖြင့် ပြည်သူလူထုလူမှုဘဝနှင့် တစ်သားတည်းဖြစ်လာမည်ဟု မျှော်လင့်သည်။
တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးအတွက် အခြေခံဖြစ်သော နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို မူလအခြေအနေမပျက် တည်ရှိနေရန်အတွက် နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းအကောင်အထည်ဖော်လျက်ရှိသည့်နည်းတူ ပြည်သူများအနေဖြင့် သဒ္ဓါတရားထက်သန်သည့် လူမျိုးများဖြစ်သည်နှင့်အညီ အားနည်းသူကို ဝိုင်းဝန်းကူညီသည့် စာနာဖေးမမှုများဖြင့် ရိုင်းပင်းကူညီဆောင်ရွက်ကြရမည်ဖြစ်သည်။ အနာဂတ် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်တွင် အကောင်အထည်ဖော်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်များ၊ အထူးသဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး တစ်နည်းအားဖြင့် စစ်မှန်သည့် ဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး အသိပညာရှိမှု၊ စည်းကမ်းနားလည်လိုက်နာမှု၊ စာနာမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုတို့နှင့် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ သူ့အလုပ်သူ့တာဝန်၊ ငါ့အလုပ်ငါ့အရေးဟူပြီး တာဝန်မသိသော အတ္တစိတ်ထားများကို လျှော့ချကြရမည်ဖြစ်သည်။ မိမိတို့အရေးသည် အရေးကြီးသည်မှာမှန်သော်လည်း ရပ်ရွာဒေသအရေး၊ ရပ်ရွာဒေသဖွံ့ဖြိုးရေးတွင် ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် ကျွဲကူးရေပါဆိုသလို မိမိတို့လူမှုစီးပွားဘဝများလည်း တိုးတက်လာမည်ဖြစ်သည်။
ယခုကာလများတွင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ကြုံတွေ့နေသည့်ကာလဖြစ်သည်။ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီသည် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းကော်မတီတစ်ခုဖြစ်၍ ဗဟိုအစိုးရနှင့် ဒေသန္တရအစိုးရအဖွဲ့များအပြင် လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုထိရောက်အောင်မြင်စေရန် ဝိုင်းဝန်းဆောင်ရွက်နိုင်ရေးအတွက် ဦးစားပေးအဆင့်အလိုက် လုပ်ငန်းစဉ်များလျာထားပြီး ကာလတို၊ ကာလလတ်နှင့် ကာလရှည်ခွဲခြား၍ ဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်ငံတော်မီဒီယာများအနေဖြင့် လုပ်ငန်းစဉ်များနှင့်အညီ သတင်းအချက်အလက်များ စဉ်ဆက်မပြတ် ထုတ်ပြန်ပေးခြင်း၊ အသိပညာမျှဝေပေးခြင်းတို့အပြင် အနုပညာရှင်များ စွမ်းအားနှင့်ပေါင်းစပ်၍ ဘေးသင့်ဒေသများသို့သွားရောက်ပြီး စာနာမှု၊ အားပေးမှု၊ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးမှုတို့ကို ဆောင်ရွက်လျက်ရှိသည်။ လူမှုဘဝအဆင်ပြေတိုးတက်ခိုင်မာစေရေးအတွက် ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ပြည်သူများကိုင်ဆောင်သည့် အသိအမှတ်ပြု အထောက်အထားများရရှိရေး၊ အသိပညာအတတ်ပညာမြင့်မားတိုးတက်ရေး၊ သက်ဆိုင်ရာများကပေးအပ်သည့် အကူအညီအထောက်အပံ့များ စနစ်တကျရရှိရေး၊ ရွေးကောက်ပွဲတွင် ပါဝင်လာရေး၊ မြို့ရွာဒေသများဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး စသည့်လုပ်ငန်းစဉ်များအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု၏ဘဝအခြေအနေများကို မျက်ခြည်ပြတ်မခံဘဲ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ယခုစတင်အကောင်အထည်ဖော်နေပြီဖြစ်သော တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းစဉ်များအားလုံး စဉ်ဆက်မပြတ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ ဒေသဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ အတူလက်တွဲပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။