Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၆

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် မကွေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့အနီးရှိ နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+ Gas Engine Hybrid) ဓာတ်အားပေး စက်ရုံစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် မကွေးပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်မှ ယာယီနေရပ်စွန့်ခွာပြီး မကွေးမြို့ရှိ ရုံး/ဌာနများ၌ တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေးမြို့အနီးရှိ နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ ရောက်ရှိရာ ဓာတ်အားထိန်းချုပ်ခန်းတွင် တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုနှင့် လက်ရှိစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းသွယ်တန်း ဆောင်ရွက်မည့်အခြေအနေ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းဆောင်ရွက်ပြီးစီးမှုနှင့်အနီး ပတ်ဝန်းကျင်ကျေးရွာအတွင်း လူမှုရေးတာဝန်သိမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လာမည့်နွေရာသီအမီကနဦးဓာတ်အား ထုတ်လုပ်နိုင်ရန် ဓာတ်အားပေးစက်ကိုးလုံးမှ ဓာတ်အား ၈၀ မဂ္ဂါဝပ်အား ဆောလျင်စွာဓာတ်အားထုတ်လုပ်နိုင်ရေး အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်သွားရန်၊ ဆိုလာမှ ဓာတ်အားထုတ်လုပ်နိုင်ရေးလုပ်ငန်းများကို တိုးတက်မှုရှိအောင်ဆောင်ရွက်သွားရန်၊ ဓာတ်အားမထုတ်လုပ်မီ Gas Engine များကို စမ်းသပ်မောင်းနှင်ထားရန်နှင့် သေချာစွာစိစစ်ဆောင်ရွက်ထားရန်၊ ဓာတ်အားပေးစက်ရုံ တည်ရှိရာဒေသသည် ငလျင်သက်ရောက်မှုရှိသည့် ဒေသဖြစ်၍ အင်ဂျင်စက်အထိုင်များ ရွေ့လျားသွားမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်သွားရန်၊ စီမံကိန်းအသစ်များမဆောင်ရွက်နိုင်သေးမီတွင် ရှိပြီးသားစီမံကိန်းများကို အမြန်ပြီးစီးနိုင်ရေးနှင့် ဓာတ်အားထုတ်လုပ်နိုင်ရေးတွန်းအားပေးဆောင်ရွက်သွားရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ဝန်ကြီးဌာနသို့ ချက်ချင်းတင်ပြဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်းမှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် စီမံကိန်းလုပ်ငန်းခွင်အတွင်းရှိ Gas Engine Hall အတွင်း Gas Engine စက်များနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ဆောင်ရွက်ပြီးစီးနေမှု၊ Exhaust Dust System တပ်ဆင်ပြီးစီးမှု၊ အအေးပေးစနစ်လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ ဓာတ်အားခွဲရုံတည်ဆောက်ရန် Foundation လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် Fire Protection Wall တည်ဆောက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဓာတ်အားပေးစက်ရုံသို့ ဓာတ်ငွေ့ပို့လွှတ်ပေးမည့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း သဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်းသို့ ရောက်ရှိပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းထားရှိမှုနှင့် ဓာတ်ငွေ့ပို့လွှတ်ပေးမည့်အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန မကွေးပင်မဓာတ်အားခွဲရုံသို့ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် ဓာတ်အားခွဲရုံးမှူးက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဗို့အားပြည့်ဝစွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး၊ ဓာတ်အားခွဲရုံသုံးလျှပ်စစ်ပစ္စည်းများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေးတို့အတွက် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို စနစ်တကျပုံမှန်စစ်ဆေးဆောင်ရွက်သွားရန်မှာကြားပြီး ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ပေးနေမှုအခြေအနေနှင့် ဝန်ထမ်းအိမ်ရာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေးမြို့ရှိ မကွေးပင်မဓာတ်အားခွဲရုံနှင့် အမှတ် (၄) တည်ဆောက်ရေးရုံးတို့သို့ ရောက်ရှိပြီး ရခိုင်ပြည်နယ်မှ ယာယီနေရပ်စွန့်ခွာ၍ မကွေးမြို့ရှိ ရုံးဌာနများတွင် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသည့် ယာယီနေရပ်စွန့်ခွာဝန်ထမ်းများအား တွေ့ဆုံပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်