Skip to main content

အစွန်းရောက်ရာသီဥတုဖြစ်စဉ်များကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးသတိပြု

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်များအရ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများကို ဖြတ်ကျော်နေသော လေဖိအားနည်းဆဲလ်၏အရှိန်များကြောင့်လည်းကောင်း၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေသည်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက် မြောက်ဘက်သို့ ဖြည်းညင်းစွာရွေ့လျားလာပြီး ပိုမိုအားကောင်းလာကာ အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ်မှ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေသို့အရောက်တွင် မုန်တိုင်းငယ်အဖြစ် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားသည်။

အစွန်းရောက်ရာသီဥတုဖြစ်စဉ်များနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုနှင့်လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ မိုးလေဝသခန့်မှန်းချက်အရ ဇူလိုင်လ ၂၄ ရက်နေ့ညမှ ဇူလိုင်လ ၂၈ ရက်နေ့အတွင်း မြန်မာနိုင်ငံအတွင်းရှိ နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအများစုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်ကျားမိုးကြီးမည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၄ ပေမှ ၁၆ ပေခန့်အထိရှိနိုင်သည်ဟု အသိပေးထားသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည်ဟု အသိပေးထုတ်ပြန်ထားသည်။ ဇူလိုင်လ ၂၄ ရက်နေ့မတိုင်မီကလည်း တရုတ်၊ ဗီယက်နမ်နိုင်ငံဘက်မှ ဖြစ်ပေါ်ခဲ့သော ဝီဖာမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေများတက်လာသောကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ဒေသခံပြည်သူအချို့ ထိခိုက်သေဆုံးမှုအချို့ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင်လ ၂၄ ရက်နေ့ တွင် ရန်ကုန်မြို့၌ ရုတ်တရက်လေပွေတိုက်ခတ်သဖြင့် မော်တော်ယာဉ်အချို့ ထိခိုက်ပျက်စီးပြီး ရန်ကုန်မြစ်အတွင်း ခရီးသွားစက်လှေနစ်မြုပ်မှုဖြစ်ပေါ်ကာ လူအချို့ပျောက်ဆုံးလျက်ရှိသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့နယ်အချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကားလမ်းပေါ်သို့ တောင်ပြိုကျမှုဖြစ်ပွားခြင်း၊ လမ်းများရေဖုံးလွှမ်းခြင်း၊ အနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှုဖြစ်ပွားခြင်းစသည့်ဖြစ်စဉ်များကြောင့် ပြည်သူအချို့အား ရေဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းပေးထားရသည်။ ဇူလိုင်လ ၂၄ ရက်နေ့က လေပွေလှိုင်းတိုက်ခတ်မှုကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အချို့မြို့နယ်များ၌ ကြုံတွေ့ခဲ့ရပြီး ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

ဇူလိုင်လ အစောပိုင်းကာလကတည်းက မုတ်သုံမိုးအလွန်အားကောင်းနေမှု၊ မိုးတိမ်တောင်များဖြစ်ပေါ်မှု၊ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းများ ဖြစ်ပေါ်မှု၊ တောင်တရုတ်ပင်လယ်ပြင်နှင့် ကုန်းတွင်းပိုင်းတွင် မုန်တိုင်းဖြစ်ပေါ်မှု စသည့် အရှိန်များကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နေသည်မှာ ရက်များရှည်ကြာနေပြီဖြစ်သည်။ ပြည်သူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှု သဘာဝ ဘေးအန္တရာယ်များကို သတိပြုရှောင်ရှားကြရန်လိုအပ်သည့်အပြင် မိုးရာသီကာလ၌ ဖြစ်ပွားတတ်သည့် ကျန်းမာရေးဆိုင်ရာ ရောဂါဖြစ်ပွားမှုအမျိုးမျိုးကိုလည်း သတိပြုလိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ယခုကာလတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် မိုးရွာသွန်းမှုအခြေအနေများ ရက်ရှည်ကြာလျက်ရှိရာ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ကျန်းမာရေးမှအစ သတိပြုကြရမည်ဖြစ်သည်။ ဖော်ပြပါဖြစ်စဉ် များကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့် ဒေသများတွင်နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ကုန်းမြင့်ဒေသတွင် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် ရေကြီးရေလျှံမှုအန္တရာယ်နှင့် ရုတ်တရက်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို အသိပေးထုတ်ပြန်ချက်များအား သတိပြုမှတ်သားပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် အသိပေးနှိုးဆော်အပ်ပါကြောင်း။         ။