Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အထွေထွေရွေးကောက်ပွဲ အဆင်ပြေချောမွေ့အောင် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မုံရွာ၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ယမန်နေ့နံနက်(၁၀)နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အဆင်ပြေချောမွေ့အောင် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က  နိုတင်ဘာ(၈)ရက်နေ့၌  အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေရေးဘဲ ဘေးကင်းစွာ ဆန္ဒမဲပေးနိုင်ရေး၊  မဲပေးရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စံလုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်နိုင်ရေး၊ ကြိုတင်မဲပေးရာတွင် ညွှန်ကြားချက်နှင့်အညီ ကိုက်ညီစေရေး၊  မဲရုံများတွင် တာဝန်ထမ်းဆောင်ရမည့် မဲရုံမှူးများ၊ ဒုမဲရုံမှူးများ နှင့် မဲရုံအဖွဲ့ဝင်များအား အင်အားပြည့်မီစွာ ဖြည့်စွက်ခန့်ထားနိုင်ရေး၊ မဲပေးရာတွင် လိုအပ်သည့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ သက်ဆိုင်ရာ မဲရုံများသို့ ရောက်ရှိနိုင်ရေးတို့အား သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများက အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း  တိုက်တွန်းအမှာစကား ပြောကြား သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက အထွေထွေရွေးကောက်ပွဲ အဆင်ပြေချောမွေ့အောင် ကြိုတင်စီစဉ် ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့်တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် နာဂဒေသနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများက သက်ဆိုင်ရာ လုပ်ငန်း ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရေးတို့အပြင် အောင်မြင်စွာ အားလုံးပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့အား အထူးအလေးထား၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် လိုအပ်ချက်များမရှိစေရေး အတွက် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထွန်းကိုကို(တိုင်းဒေသကြီး-ပြန်/ဆက်)