Skip to main content

သူ့မြေမှာဖြူပြာပွင့်ရင်ဖြင့် ငါ့မြေမှာ နီဝါပွင့်ရမပေါ့

ယခုရက်ပိုင်းအတွင်း ဂျပန်ရောက် ပြည်ပနိုင်ငံသားများအကြား အချင်းချင်း အပြန်အလှန်သတိပေးမှုများ ပြုလုပ်လာကြရာတွင် မြန်မာနိုင်ငံသားအသိုင်းအဝိုင်းများလည်း  ပါဝင်နေသည်။ အဓိကအကြောင်းအရင်းမှာ ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားများ အလွန်များပြားစွာ ရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်နေကြခြင်းကြောင့် ဂျပန်၏လူမှုဘဝပတ်ဝန်းကျင်နှင့် ဂျပန်ဝိသေသစရိုက် လက္ခဏာများအပေါ် ထိခိုက်ပျက်စီးစေမည်ဟု အိမ်ရှင်ဂျပန်လူမျိုးတို့က စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်လာခြင်းကြောင့်ဖြစ်သည်။ တစ်ပြိုင်တည်းလိုလိုပင် မလေးရှားတွင်လည်း တရားမဝင် လာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာများကို ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးမှုများပြုလုပ်နေသည့်သတင်းများကို တွေ့ရှိရသည်။

ထို့ထက် အနည်းငယ်စောသည့်အချိန်က မြန်မာနိုင်ငံ၏ အိမ်နီးချင်းဖြစ်သော ထိုင်းနိုင်ငံတွင်လည်း မြန်မာလူမျိုးအများ အပြားဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်နေကြသည့်အပေါ် ထိုင်းလူမျိုးများက မလိုလားမှုများကိုထုတ်ဖော်ပြသခဲ့ကြသည်။ မြန်မာနိုင်ငံနှင့် လွန်စွာဝေးကွာလှသော အမေရိကန်ပြည်ထောင်စုတွင်လည်း ၎င်းတို့၏ နိုင်ငံသားများအပေါ် နိုင်ငံခြားသားများက အကြမ်းဖက်မှုမှ အကာအကွယ်ပေးရေးနှင့် အမျိုးသားလုံခြုံရေးအတွက်ဟူသော အကြောင်းပြချက်များဖြင့် သမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်ဇွန်လအတွင်း နိုင်ငံ ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်သည်။ အဆိုပါနိုင်ငံ ၁၂ နိုင်ငံတွင် မြန်မာနိုင်ငံလည်းပါဝင်ခဲ့ ပြီး အမေရိကန်ပြည်ထောင်စု၏ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်မှုကြောင့် မိခင်နိုင်ငံများဆီသို့ ပြန်ပို့ခဲ့သည့် လူတစ်သန်းခွဲခန့်တွင်လည်း မြန်မာလူမျိုးများပါဝင်ခဲ့သည်။

ကမ္ဘာ့နိုင်ငံရေးသည် အချိုးအကွေ့တစ်ခုသို့ရောက်ရှိနေပြီး တစ်ချိန်က ကမ္ဘာ့အစီအစဉ်ကြီးကို ဦးဆောင်ခဲ့သည့် အနောက်အုပ်စုနိုင်ငံများမှာ ၎င်းတို့ကိုယ်တိုင် ဖော်စပ်ခဲ့သည့် လစ်ဘရယ်ဆေးခါးကြီးကို ၎င်းတို့ကိုယ်တိုင် မထွေးနိုင်၊ မမျိုနိုင်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ လူ့အခွင့်အရေးနှင့် လစ်ဘရယ်အယူဝါဒ ခေါင်းစဉ်အောက်မှ ဝင်ရောက်လာသည့်လူများက ၎င်းတို့၏ နိုင်ငံအတွင်း အတိုင်းထက်အလွန်များပြားလာပြီး မူလနိုင်ငံသားများ၏ အခွင့်အရေး၊ လုံခြုံမှု၊ ယဉ်ကျေးမှုစသည်တို့အပေါ် အဘက်ဘက်မှ ထိပါးလာသည့်အခါ နိုင်ငံခြားသားများကို ဆန့်ကျင်လာကြပြီး ထိုနိုင်ငံခြားသားများကို လက်ခံသည့်အစိုးရ များကိုလည်း ထုတ်ဖော်ကန့်ကွက်လာကြသည်။ အမျိုးသားရေးကို ဦးစားပေးသည့် အစိုးရများကို ထောက်ခံလာကြသည်။

ဤတွင် ကမ္ဘာ့နိုင်ငံရေးလှိုင်းတံပိုးများကြား ကျရောက်ကာ မိမိတို့မြန်မာနိုင်ငံသားများပါ အဘယ်ကြောင့် ယက်ကန်ယက်ကန် ကူးခပ်နေကြရသနည်းဆိုသည်ကို အဖြေရှာကြည့်ကြရန်လိုသည်။ မိမိတို့၏ ဇာတိမြေမြန်မာနိုင်ငံသည် သင့်တင့်မျှတသော အရွယ်အစားရှိသည့်နိုင်ငံဖြစ်သည်။ မြေပေါ်မြေအောက် သယံဇာတများလည်းရှိနေပြီး အကန့်အသတ်ဖြင့်ရှိနေသော သယံဇာတများ ကုန်ခန်းသွားလျှင်ပင် မိမိတို့နိုင်ငံသူ နိုင်ငံသားများ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်ရန် ကောင်းမွန်သည့် ရာသီဥတုနှင့် ရေမြေတို့လည်းရှိနေသည်။ ဗဟုဝင်ရိုးကမ္ဘာသို့ ပြောင်းလဲလာသည့် ကမ္ဘာ့အခြေအနေတွင် မြန်မာနိုင်ငံသည် အချက်အချာနေရာ၌တည်ရှိနေပြီး ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးတို့အရ အရေးပါသည့်နေရာတွင် ရပ်တည်နေသည်။ မြန်မာနိုင်ငံသည်အရာရာတွင် ပြည့်စုံပါလျက် ဆင်းရဲနွမ်းပါးနေသည့်အဖြစ်ကို အဖြေရှာမည်ဆိုလျှင် အပြန်အလှန်ထိုးနေကြသည့် လက်ညှိုးများကို မိမိတို့မြင်တွေ့နိုင်သည်။ မိမိတို့အားလုံးသည် မြန်မာဟူသော တစ်ခုတည်းသော စည်းလုံးညီညွတ်မှုကိုတည်ဆောက်ပြီး ပြင်းပြင်းထန်ထန် အလုပ်လုပ်နိုင်သည့်အချိန်ရောက်လျှင် မိမိတို့အားလုံး ဆင်းရဲနွမ်းပါးမှုမှလွတ်မြောက်ကာ ဖွံ့ဖြိုးတိုးတက်မှုလမ်းပေါ် လျှောက်လှမ်းနိုင်ကြမည်ဖြစ်သည်။

လွတ်လပ်ရေးခေတ်က ကဗျာဆရာမကြီး ငွေတာရီရေးသား ဖွဲ့ဆိုခဲ့သည့် “သာသည့်မြေသို့ ကဗျာမှ “သူ့မြေမှာ ဖြူပြာပွင့်ရင် ဖြင့်၊ ငါ့မြေမှာ နီဝါပွင့်ရမပေါ့၊ အခွင့်အခါမျှော်လို့၊ ဥယျာဉ်တော် သာယာရေးကိုလ၊ ရှုမြင်မျှော်ခါခါတွေးပါလို့၊ မနှေးပင်အားအင် ထုတ်လို့ရယ်၊ ပေါင်းနုတ်ဖို့ခဲ ဟူသောစိတ်ဓာတ်ဖြင့် ကိုယ့်ရေ၊ ကိုယ့်မြေ၊ ကိုယ့်တိုင်းပြည်သာယာစေရန် တစ်ယောက်တစ်လက်၊ တစ်တပ်တစ်အား ညီညာစွာစုပေါင်းအားဖြင့် ကြိုးစားလုပ်ကိုင်ကြကာ ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ ရပ်တည်နိုင်ကြရပါမည့်အကြောင်း။ ။