ပြည်သူများ၏ အဓိကလိုအပ်ချက်မှာ ကုန်ပစ္စည်းများသင့်တင့်မျှတသော ဈေးနှုန်းရှိစေရေး၊ ဈေးနှုန်းကွာဟမှုကြီးကြီးမားမားမရှိဘဲ တည်ငြိမ်မှုရှိစေရေးနှင့် စားသုံးကုန်ပစ္စည်းများ ဖူလုံပြည့်စုံမှုရှိစေရေးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများစားရေရိက္ခာဖူလုံရေးနှင့် နိုင်ငံ၏ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်ရေးတို့ကို ဦးစားပေးဆောင်ရွက်နေသလို ကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးကိုလည်း အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။
ကုန်ဈေးနှုန်းတက်ခြင်း သဘောတရားများတွင် စီးပွားရေးဈေးကွက်အတွင်း အပြောင်းအလဲတစ်ခုခုကြောင့်ဖြစ်စေ၊ ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များ ပြတ်လပ်မှုကြောင့်ဖြစ်စေ၊ ကုန်စည်စီးဆင်းမှုတွင် အခက်အခဲအဟန့်အတားတစ်ခုခုကြောင့်ဖြစ်စေ ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်လေ့ရှိသည်။ အခြေအနေများပြန်လည်တည်ငြိမ်လာသည့်အခါ ပုံမှန်ဈေးနှုန်းများအဖြစ် ပြန်လည်ဖြစ်ပေါ်လေ့ရှိသည်။ သို့သော် ဈေးနှုန်းပြန်မကျခြင်းသည် မတော်လောဘဖြင့် ရယူလိုမှုများ၊ ဈေးကွက်တည်ငြိမ်မှုမရှိအောင် ဈေးကစားမှု၊ ဈေးကွက်ဖျက်မှုစသည့် တစ်မျိုးမဟုတ်တစ်မျိုးကြောင့် ဈေးကွက်တည်ငြိမ်မှုမရှိဘဲ ဈေးနှုန်းမြင့်မားမှုဖြစ်ပေါ်စေသည်။
ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်၍ လက်လီဈေးကွက်သာဓကတစ်ခုအနေဖြင့် စားသောက်ကုန်ပစ္စည်းတစ်မျိုးကို ရောင်းချရာ၌ အခြားလက်လီဆိုင်များထက် ဈေးနှုန်းချိုသာနေသည်ကို တွေ့ရသည်။ လက်ရှိဈေးကွက်ပေါက်ဈေးအရ အကျဘက်တွင်ရှိနေသဖြင့် သင့်တင့်မျှတသော အမြတ်အစွန်းဖြင့် စားသုံးသူတို့ကို ရောင်းချပေးနိုင်ခြင်းဖြစ်သည်။ ဤသို့သော လက်လီဆိုင်အချို့မှာ နမူနာယူစရာဖြစ်သည်။ အများစုမှာ ဝယ်ဈေးကျသော်လည်း ရောင်းဈေးကို အတက်ဈေးအတိုင်းရောင်းချပြီး အမြတ်အစွန်းပိုမိုယူသူများသည်။ အဝယ်ဈေးနှုန်းတက်လျှင် ထပ်မံဈေးတင်ရောင်းသည်။ ဤသို့ဖြင့် ကုန်ဈေးနှုန်းမှာ တရိပ်ရိပ်မြင့်လာသည်။
အခြားတစ်မျိုးမှာ မတော်လောဘ ဈေးကစားကြသူများဖြစ်သည်။ ထို့ထက် ပိုလျှင်ဈေးကွက်ဖျက်ဆီးပြီး မတရားစီးပွားရှာသည့် ဝိသမလောဘသားများဖြစ်သည်။ စီးပွားရေးသည် သမုဒ္ဒရာရေကဲ့သို့ဖြစ်သော်လည်း စီးပွားရေးဈေးကွက်တွင် အပြိုင်အဆိုင်သဘောရှိသဖြင့် ဖျက်လိုဖျက်ဆီးလုပ်လိုသူများလည်းရှိမည်ဖြစ်သည်။ အများပြည်သူစားသုံးသူမျက်နှာကို မထောက်ထား ကိုယ်ကျိုးစီးပွားရှာဖွေမှုကြောင့် ကုန်ဈေးနှုန်းတက်ခြင်း၏ အရေးကြီးသောအကြောင်းအချက်အဖြစ် ပါဝင်လာသည်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်မှုသည် အရောင်းအဝယ်လုပ်ကိုင်သူများအတွက် ခံသာသော်လည်း ပုံသေဝင်ငွေရရှိသည့် လခစား ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအပေါ် သက်ရောက်မှုကြီးမားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “အခြေခံစားကုန်များ အထွက်နှုန်းတိုးတက်ထုတ်လုပ်နိုင်ခြင်းဖြင့် စားသောက်ကုန်များ၏ ဈေးနှုန်းကို သင့်တင့်သောဈေးနှုန်းဖြစ်စေရန်၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးအတွက် ရှိပြီးဖြစ်သည့် အခြေခံကောင်းများကို အသုံးချ၍ ကုန်ထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်ရန်နှင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်စသည့် သီးနှံများကို တိုးမြှင့်စိုက်ပျိုး ထုတ်လုပ်ပြီး ပြည်တွင်းတွင် ဆီဖူလုံမှုရှိစေရေး တွန်းအားပေးဆောင်ရွက်သွားရန်” လမ်းညွှန်မှာကြားထားသည်။
နိုင်ငံတော်အကြီးအကဲက နိုင်ငံတော်နှင့် ပြည်သူအတွက် စားသောက်ကုန်ဈေးနှုန်းများ သင့်တင့်မျှတစေရေး၊ စားရေရိက္ခာဖူလုံရေးအတွက် ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်စေရေးတို့ကို တွန်းအားပေးဆောင်ရွက်နေချိန်တွင် ပြည်တွင်းဈေးကွက်၌ မတော်လောဘဖြင့် စီးပွားရှာဖွေကြသော ဝိသမလောဘသားများကိုလည်း ဖော်ထုတ်ကြရပေမည်။ စီးပွားရေးလက်ဝါးကြီးအုပ်မှု၊ ဈေးကွက်ဖျက်ဆီးမှု၊ မတရားသော စီးပွားရေးယှဉ်ပြိုင်မှုတို့ကို တားဆီးကာကွယ်မှု၊ ငွေကြေးခဝါချမှုတို့ကို ဖော်ထုတ်မှု၊ မှန်ကန်စွာဆောင်ရွက်သည့် တိုင်းရင်းသားလုပ်ငန်းရှင်များကို အကာအကွယ်ပေးမှုတို့ဖြင့်လည်း ဈေးကွက်တည်ငြိမ်အောင်၊ နိုင်ငံတော်၏ စီးပွားရေးကောင်းမွန်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အနေဖြင့် ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိသည့်အပြင် စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ MSME လုပ်ငန်းများကို အားပေးကူညီခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးကဏ္ဍတွင် စနစ်တကျ စိစစ်ဆောင်ရွက်ခြင်း၊ ပို့ကုန်ဖွံ့ဖြိုးရေးကဏ္ဍတွင် ပိုမိုအားထည့်ဆောင်ရွက်ခြင်း၊ ကုန်စည်စီးဆင်းမှုမှန်ကန်မှုရှိစေရေးကို ဆောင်ရွက်ပေးခြင်းတို့နှင့်အတူ မတော်လောဘစီးပွားရေးအန္တရာယ်များကို ကာကွယ်ပေးခြင်းဖြင့် တိုင်းပြည်၏ စီးပွားရေးတိုးတက်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း။ ။