Skip to main content

နိုင်ငံတစ်ဝန်းလုံးမှ ကျောင်းသား ကျောင်းသူအားလုံး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်လို

နောင်ချိုမြို့ကို တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြောင်းကြောင်းကြောင့် ခေတ္တစွန့်ခွာခဲ့ရပြီးနောက် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ယာယီထိန်းချုပ်ထားစဉ်အတွင်း နောင်ချိုသည် အမှောင်ကာလတစ်ခုသို့ ကျရောက်ခဲ့ရသည်။ အကြမ်းဖက်သောင်းကျန်းသူများနှင့် တစ်ကျိတ်တည်းတစ်ကြံတည်း အပေါင်းအပါ မြို့ခံအချို့မှလွဲလျှင် ကျန်ရိုးသားသည့် ဒေသခံတိုင်းရင်းသားပြည်သူလူထုမှာ ယင်းအခြေအနေအပေါ် နှစ်မြို့ခြင်းမရှိသော်လည်း သည်းခံနှုတ်ဆိတ်ပါးစပ်ပိတ်နေခဲ့ကြရသည်။ အထူးသဖြင့် နောင်ချိုမြို့နှင့်ပတ်ဝန်းကျင်ရှိ ကျောင်းများအားလုံးကို ပိတ်ထားခဲ့ရာ ဒေသခံတိုင်းရင်းသားပြည်သူလူထု၏ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားခွင့်ဆုံးရှုံးခဲ့ရသည်။ အကြမ်းဖက်သောင်းကျန်းသူကင်းစင်သော အေးချမ်းသည့် မြို့ရွာဒေသများတွင် စာသင်ကျောင်းများအားလုံးဖွင့်လှစ်ပြီး ကလေးများအားလုံး ပညာသင်ကြားခွင့်များ ပုံမှန်ရရှိနေခြင်းဖြစ်ရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီအားဖြင့် ထိန်းချုပ်ထားသည့်ဒေသများရှိ ကလေးများမှာ လွန်စွာထိခိုက်နစ်နာဆုံးရှုံးလျက်ရှိသည်။

“နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် တပ်မတော်က နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်ပြီးလျှင်ပြီးချင်း ပထမဆုံးမှာကြားချက်အနေဖြင့် ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် အတန်းပညာတတ်မြောက်မှသာ အတတ်ပညာကို သင်ယူတတ်မြောက်နိုင်မည်ဖြစ်သည့်အတွက် ပညာတတ်များပေါများစေရေး တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပြီး အေးချမ်းပျော်ရွှင်စွာ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နောင်ချိုမြို့ရှိမြို့နယ်ခန်းမ၌ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ ဆက်လက်၍လည်း “နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းများ အမြန်ဆုံးဖွင့်လှစ်နိုင်ရေးနှင့် ဇူလိုင် ၂၂ ရက်မှစ၍ ကျောင်းအပ်နှံနိုင်မှု စတင်လက်ခံရန် စီစဉ်ထားပြီးဖြစ်သကဲ့သို့ မိမိအနေဖြင့် မေတ္တာရပ်ခံလိုသည်မှာ မိမိတို့၏အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်သည့် မျိုးဆက်သစ်ရင်သွေးငယ်များကို စာသင်ကျောင်းများသို့ မဖြစ်မနေပညာသင်ကြားနိုင်ရန် စေလွှတ်ပေးရန်ဖြစ်ကြောင်း” ပြောကြားခဲ့ပြီး ဆရာဆရာမများကလည်း ကျောင်းဖွင့်ချိန် နောက်ကျခဲ့သည့်အတွက် သင်ခန်းစာများကို ကျောင်းပိတ်ရက်အချို့မှရယူ၍ သင်ခန်းစာအကုန် သင်ကြားပေးစေလိုကြောင်းနှင့် တတ်မြောက်အောင် သင်ကြားပေးရန်ပါ တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရသည် နိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းနေအရွယ်ကလေးများအားလုံး‌ ကျောင်းနေရေး၊ တန်းစဉ်မှန်မှန်ကူးပြောင်းနိုင်ရေး၊ ကျောင်းထွက်သူများ လျော့နည်းပပျောက်ရေးတို့ကို အလေးအနက်ဆောင်ရွက်လျက်ရှိပြီး အမျိုးသားပညာရေးအဆင့် အတန်းမြင့်မားအောင် ဆောင်ရွက်နေချိန်တွင် အကြမ်းဖက်သောင်းကျန်းသူများမှာ နည်းအမျိုးမျိုးနှင့် ခြိမ်းခြောက်ဟန့်တားအနှောင့်အယှက်ပေးကာ ကလေးသူငယ်အခွင့်အရေး၊ လူ့အခွင့်အရေးဖြစ်သည့် ပညာသင်ကြားပိုင်ခွင့်ကို ဆုံးရှုံးအောင်ပြုလုပ်လျက်ရှိသည်။ ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်များနှင့် ဂန့်ဂေါမြို့နယ်အတွင်းရှိ အကြမ်းဖက်သောင်းကျန်းသူများ စိုးမိုးထားရာ ကျေးရွာများမှ ကျောင်းသားကျောင်းသူများ မြို့ပေါ်သို့ ကျောင်းသွားတက်ခြင်း၊ ကူးလူးဆက်ဆံခြင်းမပြုရန် NUG လက်အောက်ခံအကြမ်းဖက်အဖွဲ့တစ်ခုက ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ထားသည်ကို တွေ့ရသည်။ ထို့အပြင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာအမက ကျောင်းကိုပိတ်ရန် PDF အဖွဲ့က ခြိမ်းခြောက်ပြီး ကျောင်းခန်းများနှင့် ကျောင်းခြံဝင်းတံခါးတို့ကို သော့ခတ်ခဲ့ကြောင်း သတင်းများတွင် တွေ့ရှိရသည်။

ကျောင်းတက်ခြင်း၊ ပညာသင်ခြင်းသည် ကျောင်းနေအရွယ်တွင်သာ ပြုလုပ်ကြရသည့် ကလေးများ၏ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းဖြစ်သည်။ အရွယ်လွန်ပါမှ စာသင်ကြရလျှင် များစွာနောက်ကျပြီဖြစ်ပြီး ကလေးများအတွက်လည်း လွန်စွာနစ်နာဆုံးရှုံးသည်ဖြစ်ရာ စာသင်ကျောင်းများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအားလုံးအပေါ် နိုင်ငံရေးပဋိပက္ခများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် ဆက်နွှယ်နေသည့် ဘေးအန္တရာယ်များမှ ကင်းလွတ်စေရေး ဝိုင်းဝန်းဆောင်ရွက် ပေးကြရပါမည့်အကြောင်း။ ။