နေပြည်တော် ဇူလိုင် ၂၁
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများက သံရည်ကျိုအလုပ်ရုံ (၁) လည်ပတ်ထုတ်လုပ်နေမှု၊ သံရည်ကျိုအလုပ်ရုံ (၂) ပြန်လည်လည်ပတ်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံနှင့် တည်ဆောက်ရေးလုပ်ငန်းများနှင့် စက်တပ်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းများကို သတ်မှတ်ထားသည့်အချိန်ဇယားများအတိုင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ သံရည်ကျိုအလုပ်ရုံ (၂) ပြန်လည်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အချိန်ကိုက်ပြီးစီးရေးအလေးထားဆောင်ရွက်ရန်၊ မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များအတွက် စက်ပစ္စည်းကိရိယာများ လိုအပ်ချက်ဖြစ်ပေါ်လာပါက လုပ်ငန်းများထိခိုက်နှောင့်နှေးမှုမရှိစေရေး အမြန်ဆုံးဝယ်ယူဖြည့်ဆည်းနိုင်ရေး စီမံဆောင်ရွက်ထားရန်၊ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် စက်ပစ္စည်းကိရိယာများကို စစ်ဆေးပြုပြင်နေရ၍ ခေတ္တရပ်ဆိုင်းခဲ့ရသည့် ထုတ်လုပ်မှုအား ဘဏ္ဍာရေးနှစ် သတ်မှတ်လျာထားချက်ကို ပြည့်မီအောင် ဖြည့်ဆည်းထုတ်လုပ်နိုင်ရေးစီမံချက်များ ရေးဆွဲဆောင်ရွက်ရန်၊ လျာထားချက်နှင့်အညီ လိုအပ်သော သွင်းအားစုများ၊ စက်အရန်ပစ္စည်း များကိုလည်း ကြိုတင်ဖြည့်တင်းဝယ်ယူဆောင်ရွက်ရန်နှင့် ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သံရည်ကျိုအလုပ်ရုံ (၂) လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် အလုပ်ရုံအတွင်းရှိ ကရိန်းများ စစ်ဆေးပြုပြင်ပြီး စမ်းသပ်မောင်းနှင်နေမှု၊ လျှပ်ပန်းမီးဖို (EAF) ၏ ရေလိုင်း၊ ဟိုက်ဒရောလစ်လိုင်းများကို သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကာဗွန်အိုးအတွင်းရှိ ကာဗွန်များနှင့်ချော်များကို ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ သတ်မှတ်သံမဏိအရည်အသွေးရရှိရေးအတွက် ဓာတ်သတ္တုပစ္စည်းများ ချိန်ညှိသည့်လုံမီးဖို (LF) ၏ ဟိုက်ဒရောလစ်လိုင်းများ သန့်ရှင်းရေးဆောင်ရွက်ပြီးစီးမှု၊ သံမဏိပြားပုံသွင်းစက် (TSC) ပြုပြင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေမှု၊ မိုလ်နှင့် ဆက်စပ်အစိတ်အပိုင်းများကို ချိန်ညှိခြင်းလုပ်ငန်းများ ထပ်မံဆောင်ရွက်ရမည့်အခြေအနေ၊ ပင်မအလုပ်ရုံရှိ ဆွဲဆန့်အားစမ်းသပ်စက် (Tensile Testing Machine) များ၊ ကွေးညွှတ်အားစမ်းသပ်စက် (Bend Test Machine) များဖြင့် သံမဏိအရည်အသွေးစမ်းသပ်စစ်ဆေးမှု၊ သံမဏိတုံးအပူပေးကြိတ်စက် (Hot Strip Mill) ၏ Batching Plant တည်ဆောက်မည့်နေရာအား ကွန်ကရစ်လောင်းခြင်း လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက သံရည်ကျိုအလုပ်ရုံ (၂) ကို လာမည့် စက်တင်ဘာလအတွင်း လည်ပတ်ထုတ်လုပ်နိုင်ရေးတွန်းအားပေးကြိုးစား ဆောင်ရွက်ရန်၊ စက်ပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် စက်တစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို ကျေညက်အောင်လေ့လာထားရန်၊ စက်ပစ္စည်းကိရိယာများအား ကိုင်တွယ်အသုံးပြုရမည့် လမ်းညွှန်ချက်များကို စနစ်တကျလေ့လာဖတ်ရှုထားရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်