နေပြည်တော် ဇူလိုင် ၂၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် ရွာမကျေးရွာအုပ်စု မြောက်ကျောင်းစုကျေးရွာသို့ သွားရောက်၍ နေပြည်တော် စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် ကျေးရွာအဝင်လမ်းတွင် ကျင်းပသည့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ထိုင်ဝမ်ဗာဒံပင်ကို စတင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများက ထိုင်ဝမ်ဗာဒံပင် ၄၃၀ စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ဒက္ခိဏသီရိမြို့နယ် ရွာမကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၇၂) သို့ သွားရောက်ပြီး တောင်သူ ဦးဘိုဘို၏ လယ်ခြောက်ဧကတွင် ရေဆင်း ပေါ်ဆန်း- ၂ စပါးမျိုး ပျိုးထောင်နေမှု၊ အီးအမ်ယူရီးယားပက်ဖျန်းနေမှုနှင့် နွေစပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် ရန်အောင်မြင် ကျေးရွာအုပ်စုကွင်းအမှတ် (၁၈၂၈) ကွင်း၌ လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း၊ တောင်သူပညာပေးသရုပ်ပြပွဲအခမ်းအနားသို့ တက်ရောက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကြဲခင်းစနစ်ပပျောက်အောင် ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးစေရေး၊ မိုး၊ ဆောင်း၊ နွေရာသီပြည့်သီးနှံများစိုက်ပျိုးနိုင်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲရေးတို့ကို မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အောင်နိုင်တိုးမျိုးစပါးများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က မျိုးစေ့ချကိရိယာများကိုလည်းကောင်း တောင်သူများထံ ပေးအပ်ကြပြီး တောင်သူ ဦးထွန်းငွေ၏ လယ် ၁၇ ဧကတွင် အောင်နိုင်တိုးစပါးမျိုးအား မျိုးစေ့ချကိရိယာဖြင့် လက်တွေ့စိုက်ပျိုးသရုပ်ပြနေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် လယ်ဝေးမြို့ အမှတ် (၂) အားကစားလေ့ကျင့် ရေးစခန်းသို့ သွားရောက်၍ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား တက်ရောက်အမှာစကား ပြောကြားပြီး သင်တန်းအတွက် ချီးမြှင့်ငွေများပေးအပ်၍ MEVM မဲပေးစက်များ သရုပ်ပြတပ်ဆင်အသုံးပြုပုံကို ကြည့်ရှုကာ သင်တန်းတက်ရောက်မည့်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာသို့ သွားရောက်ပြီး ဦးအောင်သီဟကျော်၏ ရွှေလွှမ်းအထည်ချုပ်နှင့်ဖြန့်ချိ ရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ ဝဏ္ဏသိဒ္ဓိဖူဆယ်လေ့ကျင့်ရေး အားကစားရုံ၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား တက်ရောက်သည်။
ဦးစွာ တပ်ကုန်းမြို့နယ် အသင်းနှင့် ဇမ္ဗူသီရိမြို့နယ်အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆုနှင့် အကောင်းဆုံးကစားသမားဆုများ၊ တတိယဆု၊ ဒုတိယဆုနှင့် ပထမဆုရရှိသော အသင်းများအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများကို နေပြည်တော်ကောင်စီဝင်များနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့က ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပထမဆုရရှိသော တပ်ကုန်းမြို့နယ်အသင်းကို ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း (ဥတ္တရ)