နေပြည်တော် ဇူလိုင် ၁၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် အဆောက်အအုံတွင် အသုံးပြုတပ်ဆင်မည့် မျက်နှာကြက်ဒီဇိုင်းများ၊ အရောင်များ ရွေးချယ်ထားရှိမှုများကိုတင်ပြရာ လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက် ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ ဆယ်တင်ပစ္စည်းများအား စနစ်တကျ ထားရှိအသုံးပြုရေးတို့ကို မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇမ္ဗူသီရိမြို့နယ် ပိတောက်အိမ်ရာသို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြန်လည်ပြုပြင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အပိုင်းလိုက်၊ အခန်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ တာဝန်ရှိသူများက စနစ်တကျကြီးကြပ်ဆောင်ရွက်ရေးနှင့် လုပ်သားအင်အားတိုးမြှင့်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းသို့သွားရောက်ပြီး ဌာနဆိုင်ရာများ၊ ပြည်သူလူထုများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေး၍ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ငွေများပေးအပ်သည်။
ထို့နောက် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး ပင်လောင်းလမ်းဆုံ အိုင်စောက်ကျေးရွာအကြား လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား Box Culvert များတွင် အမှိုက်များပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းဆောင်ရွက်ထားရေးတို့ကို မှာကြားသည်။
ဆက်လက်၍ ဇေယျာသီရိမြို့နယ် မအူတောကျေးရွာအုပ်စု စိမ်းစားပင်ကျေးရွာသို့သွားရောက်ပြီး တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများကိုယ်တိုင် သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ ကြဲခင်းစနစ်ပပျောက်အောင် မျိုးစေ့ချကိရိယာနှင့် ကောက်စိုက်စက်များ အသုံးပြုစိုက်ပျိုးရေးတို့ကိုမှာကြားကာ မျိုးစပါးများနှင့် မျိုးစေ့ချကိရိယာများကို တောင်သူများထံပေးအပ်ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်