ရန်ကုန် ဇူလိုင် ၁၉
(၇၈) နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချလွှင့်ထူ၍ အလေးပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရာ ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး(ယခင်အတွင်းဝန်ရုံး)၌ ကျင်းပသည်။
အခမ်းအနားသို့ (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဂုဏ်ပြုတပ်ဖွဲ့တို့တက်ရောက်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုကာဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံအား တိုင်ဝက်သို့ လျှော့ချလွှင့်ထူ၍ နှစ်မိနစ်ငြိမ်သက်စွာဂါရဝပြုကြသည်။
ယနေ့တွင် ဝန်ကြီးများရုံး(ယခင်အတွင်းဝန်ရုံး)ရှိ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် အစည်းအဝေးခန်းမနှင့် ပါလီမန်အဆောက်အအုံတို့ကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အများပြည်သူ လာရောက်လေ့လာနိုင်ရန်တစ်ရက်တာ အခမဲ့အထူးဖွင့်လှစ်ပြသခဲ့သည်။
အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အစည်းအဝေးခန်းမအတွင်း အာဇာနည်ခေါင်းဆောင်ကြီးများကျန်ရှိခဲ့သည့်ပစ္စည်း ၂၈ မျိုး၊ အဆောက်အအုံသမိုင်းကြောင်း၊ သက်တမ်းရာကျော်ရှိသည့် ပါလီမန်အဆောက်အအုံနှင့် အဆောက်အအုံအတွင်း သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားမှုကို လာရောက်ကြည့်ရှုလေ့လာကြသည့် အများပြည်သူနှင့် ကျောင်းသားကျောင်းသူများ ယမန်နှစ်ကထက်များပြားခဲ့ပြီး ဉာဏ်စမ်းပဟေဠိမေးခွန်းများ ဖြေဆိုမှုမှအမှတ်တရလက်ဆောင်များပေးအပ်သည့် အထူးအစီအစဉ်တွင်လည်း စိတ်ဝင်တစားပါဝင်ဖြေဆိုကြသူများ များပြားခဲ့သည်။
သတင်းစဉ်