ရန်ကုန် ဇူလိုင် ၁၈
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) မှ တာဝန်ရှိသူများနှင့် အလုပ်သမားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် MOEAA မှ နိုင်ငံအလိုက်ခေါင်းဆောင်များ တက်ရောက်ကြသည်။
ဆွေးနွေးမှာကြား
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများသို့ မြန်မာလုပ်သားစေလွှတ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ နိုင်ငံအလိုက်စေလွှတ်ရေးလုပ်ငန်းစဉ် (SOP)များနှင့်အညီ စိစစ်ခွင့်ပြုစေလွှတ်ပေးလျက်ရှိကြောင်း၊ ပြည်တွင်းလုပ်သားရှားပါးမှု၊ နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးမှုတို့ကို လျှော့ချနိုင်ရေးအတွက် ပြည်ပမှ အလုပ်လုပ်ကိုင်ပြီး သက်တမ်းပြည့်၍ ပြန်လည်ရောက်ရှိလာသော အရေအတွက်နှင့် အသစ်စေလွှတ်ရမည့် လုပ်သားအရေအတွက်ကို နှိုင်းယှဉ်ကာ စေလွှတ်နေခြင်းဖြစ်ပါကြောင်း၊ အေဂျင်စီများအနေဖြင့် အလုပ်သမားများ စေလွှတ်ရာတွင် လုပ်ခလစာ အကျိုးခံစားခွင့်များပြားသည့်နိုင်ငံများသို့ စေလွှတ်နိုင်ရေး ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ MOEAA နိုင်ငံအလိုက် ခေါင်းဆောင်များမှ အေဂျင်စီများအပေါ် မှန်ကန်သော ဦးဆောင်မှုပြုရေး၊ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းအစီအစဉ် (SOP) များနှင့်အညီ လိုက်ပါဆောင်ရွက်ပေးရေးကိစ္စများကို ဆွေးနွေးမှာကြားသည်။
ထို့နောက် MOEAA မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နိုင်ငံအလိုက်ခေါင်းဆောင်များက ပြည်ပသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သည့် ဆွေးနွေးတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ Yun Nadi Oo Co., Ltd. ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းသားများအား စာတွေ့လက်တွေ့ သင်ကြားပို့ချနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့်ရပ်ကွက်ရှိ နည်းပညာအထောက်အကူပြုရုံး (ရန်ကုန်) သို့ ရောက်ရှိပြီး နည်းပညာအထောက်အကူပြုရုံး (ရန်ကုန်)၊ ပြည်ပအလုပ်အကိုင်စာချုပ်ချုပ်ဆိုရေးအဖွဲ့ရုံးနှင့် လူမှုဖူလုံရေးဆေးခန်း (သင်္ဃန်းကျွန်း) တို့ ပူးတွဲဖွင့်လှစ်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်အေဂျင်စီများမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ လိုအပ်သည်များမှာကြားပြီး ပြည်တွင်းအေဂျင်စီများမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်