ယနေ့သည် ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းပြည်ခေါင်းဆောင်များကို မသမာသူ အကြမ်းဖက်သမားများက ရက်ရက်စက်စက်လုပ်ကြံသတ်ဖြတ်ခဲ့သည့် တစ်တိုင်းပြည်လုံး ပူဆွေးသောကယူကျုံးမရဖြစ်ကြရသောနေ့ဖြစ်သည်။
အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ယခုအခါ (၇၈) နှစ်ပြည့်ပြီဖြစ်သည်။ ပြည်သူများအားလုံး အာဇာနည်ခေါင်းဆောင်များကို မမေ့နိုင်သေးပေ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများ၊ အမျိုးသားခေါင်းဆောင်များ၊ သူရဲကောင်းများအားလုံး နိုင်ငံနှင့် လူမျိုးအတွက် အသက်ပေး၍ တိုက်ပွဲဝင်ခဲ့ပြီး တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ပေါင်းရုံးညီညာစွာ လှုပ်ရှားခဲ့သောကြောင့် (၁၈၂၄-၁၉၄၈) ၁၂၄ နှစ်တိတိ ဆုံးရှုံးခဲ့သော မြန်မာ့လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခြင်းဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးအောင်ပန်းကို အောင်ဆန်း-အက်တလီစာချုပ်ချုပ်ဆိုပြီး ရယူပေးခဲ့သည့် လွတ်လပ် ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးဦးဆောင်မှု သမိုင်းမော်ကွန်းကို ကမ္ဘာတည်သရွေ့ မေ့နိုင်မည်မဟုတ်ပေ။
ယခုအခါ ဗိုလ်ချုပ်ကို သိမီလိုက်ကြသူများ မရှိသလောက်နည်းပါးသွားပြီဖြစ်သော်လည်း ဗိုလ်ချုပ်နှင့် မကြုံဆုံလိုက်ရသည့် မျိုးဆက်များအားလုံးမှာ ဗိုလ်ချုပ်၏ပွင့်လင်းစွာပြောကြားခဲ့သည့် မိန့်ခွန်းစကားများအရ ယနေ့ထက်တိုင် မမေ့နိုင်ကြခြင်းဖြစ်ပေသည်။ ဗိုလ်ချုပ်၏ တိုင်းပြည်အပေါ်ထားရှိသည့် စေတနာ၊ သဒ္ဓါနှင့် ကိုယ်ကျိုးစွန့် အနစ်နာခံစိတ်ဓာတ်များမှာ မြန်မာပြည်သူပြည်သားများအားလုံးအတွက် မမေ့နိုင်စရာအချက်များသာဖြစ်သည်။ မျက်မှောက်ကာလတွင် ဗိုလ်ချုပ်မိန့်ကြားခဲ့သောအမှာစကားများကို မှတ်သားလိုက်နာကြမည်ဆိုပါက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များအားလုံးကို ပြန်လည်ကျေးဇူးဆပ်ရာ ရောက်ပေမည်။
လွတ်လပ်ရေးရပြီးသည့်အခါ တိုင်းပြည်ကာကွယ်ရေးတာဝန်သည် မြန်မာများ၏တာဝန်ဖြစ်သည်။ တိုးတက်သည့်နိုင်ငံများလို ဖြစ်ချင်လျှင် အလုပ်လုပ်ရမည်ဖြစ်သည်။ လွတ်လပ်ရေးရသော်လည်း လွတ်လပ်ရေး၏တာဝန်များကို မထမ်းဆောင်ချင်လျှင် ရရှိသည့်လွတ်လပ်ရေးသည် ပြန်လည်ဆုံးရှုံးသွားမည်ဖြစ်သည်။ လွတ်လပ်ရေးရသည့်အခါ စီမံကိန်းအမျိုးမျိုးဖြင့်လုပ်မှ၊ ရုန်းကန်လုပ်နိုင်မှ အနှစ် ၂၀ ကြာသည့်အခါ တန်းတူညီတူ ဖြစ်နိုင်သည်။ တန်းတူညီတူမဖြစ်သမျှကာလပတ်လုံး တိုင်းပြည်လွတ်လပ်သည်ဆိုသော်လည်း သူတစ်ပါးကို မျက်နှာချိုသွေးရသလိုဖြစ်မည်ဟု ဗိုလ်ချုပ်က ပွင့်ပွင့်လင်းလင်း အတိအလင်းပြောကြားထားသည်။
လွတ်လပ်ရေးရသည့်အခါ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး ညီညွတ်ရေးနှစ်ခုမရှိသမျှ ကာလပတ်လုံး တိုင်းပြည်သည် လွတ်လပ်ပင် လွတ်လပ်သော်ငြားလည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရတက်တက် အောက်ကျနောက်ကျတိုင်းပြည်ဖြစ်နေမည်။ မြန်မာအချင်းချင်း တိုက်ခိုက်သည့်အလုပ်သည် တိုင်းပြည်ကို မည်သည့်အခါမှ ပြန်လည်ထူထောင်နိုင်မည်မဟုတ်၊ တိုင်းပြည် မည်သည့်အခါမှ လွတ်လပ်မည်မဟုတ်၊ လွတ်လပ်လျှင်လည်း မည်သည့်အခါမှ ကျကျနနလွတ်လပ်ရေးမဖြစ်နိုင်။ လွတ်လပ်ရေးကို လိုချင်လျှင် လွတ်လပ်ရေးရနိုင်လောက်သည့် စည်းကမ်းရှိရန်၊ လွတ်လပ်ရေးရနိုင်သည့် ညီညွတ်မှုကို ထိန်းသိမ်းရန်၊ လွတ်လပ်ရေးရနိုင်သည့် ထူထောင်မှုကို လုပ်ကြရန်၊ လွတ်လပ်ရေးအရသာကို ခံစားချင်လျှင် အလုပ်လုပ်ကြရန်၊ စည်းကမ်းရှိကြရန်၊ ယခုကတည်းက အကျင့်ဆိုး၊ အကျင့်ဟောင်းများကို ပြင်ကြရန် ဗိုလ်ချုပ်အောင်ဆန်းက နောက်ဆုံးမှာကြားခဲ့သည်။
မျက်မှောက်ကာလတွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လေးလေးနက်နက် မှာကြားခဲ့သည့်အတိုင်း တိုင်းပြည်ပြန်လည်ထူထောင်ရေးကို လုပ်ကိုင်နေကြသည်။ တိုင်းပြည်တိုးတက်ရေး၊ ကြီးပွားရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်ရေးတို့ကို လုပ်ကိုင်နေကြသည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလိုလားသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေကြသည်။ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်လျက်ရှိသည်။
သို့ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား မမေ့နိုင်သလို၊ ချစ်မြတ်နိုးသလို တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေးကို ခိုင်မာအောင်တည်ဆောက်ပြီး အခြားနိုင်ငံများနှင့် တန်းတူရင်ပေါင်တန်းအမီလိုက်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းအလုပ်လုပ်ကြရန် အလေးအနက်တိုက်တွန်းအပ်ပါကြောင်း။ ။