နေပြည်တော် ဇူလိုင် ၁၇
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇူလိုင် ၁၅ ရက် မွန်းလွဲပိုင်းတွင် နည်းပညာတက္ကသိုလ်(သန်လျင်)သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သီလဝါအထူးစီးပွားရေးဇုန်နှင့် ဒေသတွင်း MSME များ ဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာလိုအပ်ချက်များကို အမှန်တကယ်ပံ့ပိုးပေးနိုင်ရေးအတွက် University-Industry Collaboration မြှင့်တင်ဆောင်ရွက်ရင်း ကျောင်းသားလူငယ်များကို အင်ဂျင်နီယာအရည်အချင်းများ ပြည့်ဝစေကာ ဗလငါးတန်နှင့် ပြည့်စုံအောင် အလေးထားပျိုးထောင်ဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ အခက်အခဲလိုအပ်ချက် တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသားများထံ သုတေသနထူးချွန်ဆုများကို ဂုဏ်ပြုချီးမြှင့်ကာ ၂၀၂၅ ခုနှစ် မိုးရာသီဘောလုံးပြိုင်ပွဲ၌ ပထမဆုရရှိသည့် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန ဘောလုံးအသင်းမှ ကျောင်းသားများကို တစ်ဦးချင်း ဂုဏ်ပြုလည်ဆွဲတံဆိပ်များနှင့် ဒိုင်းဆုဖလားကို ဂုဏ်ပြုချီးမြှင့်သည်။
ထို့နောက် တက္ကသိုလ်ဥပဓိရုပ်တင့်တယ်ကာ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်