Skip to main content

ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာတွင် ဖြစ်ပွားခဲ့သော လူသတ်မှု၌ ပါဝင်ပတ်သက်သူများအား သေဒဏ်နှင့် ထောင်ဒဏ်များ အသီးသီးကျခံစေရန် တရားရုံးက အမိန့်ချမှတ်

နေပြည်တော် ဇူလိုင် ၁၆

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက် သုခတော်ဝင်အိမ်ရာ၌ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၇ ရက် က တိုက်အမှတ် (K-1)၊ အခန်း(၁၃) တွင် နေထိုင်သူ ဒေါ်စန္ဒာမိုးသည် ၎င်း၏နေအိမ်တိုက်ခန်းအတွင်းရှိ ဧည့်ခန်း၌ ဝမ်းဗိုက်ပတ်လည်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းပေးချက်အရ သွားရောက်စစ်ဆေးရာ ဒေါ်စန္ဒာမိုးမှာ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ပြီး တရားခံများကို ပျဉ်းမနားခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့သည်။

တရားခံများအား ပျဉ်းမနားခရိုင်တရားရုံး၏ ရာဇဝတ်ကြီးမှု အမှတ် ၆၄/၂၀၂၄ ဖြင့် လက်ခံစစ်ဆေးပြီး တရားခံ (၁) မျိုးမင်းထွန်း၊ (၂) ဖြိုးသက်ပိုင် (ခ) ကိုဖြိုး၊ (၃) ရဲလင်းဦး (ခ) ရဲရဲ (ခ) ကိုရဲနှင့် (၄) ဖြိုးဝေလင်း (ခ) ကရင်တို့ လေးဦးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ)/၃၄ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် သေဒဏ်၊ (၁)(၂)(၃) တရားခံတို့အား ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရလည်းကောင်း၊ (၄) တရားခံသည် ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၁၀၉ အရလည်းကောင်း ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် အလုပ်နှင့် ထောင်ဒဏ်အနှစ် ၂၀ စီ ကျခံစေရန် ပျဉ်းမနားခရိုင်တရားရုံးမှ ၂၀၂၅ ခုနှစ် ဇူလိုင် ၇ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်