Skip to main content

ဒုတိယဝန်ကြီး ဦးအောင်မြိုင် မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၏ (၄၇)နှစ်မြောက် ကျောင်းနှစ်ပတ်လည်နေ့အခမ်းအနား တက်ရောက်

နေပြည်တော် ဇူလိုင် ၁၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယနေ့တွင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင် ဆက်သွယ်ရေးကျောင်း၏ (၄၇) နှစ်မြောက် ကျောင်းနှစ်ပတ်လည် နေ့အခမ်းအနား တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးသည် နှစ်ပတ်လည်နေ့အခမ်းအနား ဂုဏ်ပြုအမှာစကား ပြောကြားပြီး တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများ၌ ထူးချွန်ဆုရရှိကြသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။

ထို့နောက် ကျောင်းအုပ်ကြီးက ကျောင်းဝင်းအတွင်းရှိ ရထား မြို့ပြသရုပ်ပြဆောင်၊ ရထားစက်မှုနှင့်လျှပ်စစ် သရုပ်ပြဆောင်၊ ရထားသွားလာပို့ဆောင်ရေး သရုပ်ပြဆောင်နှင့် မော်တော်ယာဉ် သင်တန်းသရုပ်ပြဆောင်တို့ကို လိုက်လံရှင်းလင်းပြသရာ ဒုတိယဝန်ကြီးက သင်တန်းသားများကို ဌာနအဖွဲ့အစည်းများအတွက် စွမ်းဆောင်ရည် မြင့်မားသော ဝန်ထမ်းများဖြစ်အောင် လေ့ကျင့်သင်ကြားပေးရန်၊ သင်တန်းအလိုက် သင်တန်းသားများ အမှန်တကယ် ကျွမ်းကျင်တတ်မြောက်စေရန်နှင့် ဝန်ထမ်းများအနေဖြင့် သင်တန်းမှရရှိခဲ့သည့် အသိပညာ၊ အတတ်ပညာများကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်စေရန် နည်းပြများအနေဖြင့် စနစ်တကျလေ့ကျင့်သင်ကြားပေးရန် မှာကြားသည်။

ယင်းနောက် ဝန်ထမ်းမိသားစုများနှင့် သင်တန်းသားများ၏ သက်သာချောင်ချိရေးအတွက် ငါးမွေးမြူထားရှိမှု၊ ကြက်၊ ဘဲ၊ ဝက်နှင့် နွားမွေးမြူရေးခြံများတွင် မွေးမြူရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ထားမှုနှင့် မှိုစိုက်ပျိုးရေးဆောင်ရွက်ထားမှုတို့ကို လှည့်လည်ကြည့်ရှုရာ ကျောင်းအုပ်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ခံများက ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက နေရာဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ ဦးစားပေးလုပ်ကိုင် ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်