သမိုင်းတစ်လျှောက်တွင် မြန်မာတို့ အပြည့်အဝစည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ခဲ့သည်မှာ လေးကြိမ်ခန့်သာဖြစ်သည်ဟု ဆိုစမှတ်ရှိသည်။ နှစ်ပေါင်း ၁၀၀၀ နီးနီးကာလအတွင်း အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းမင်းတရားကြီးတို့ လက်ထက်များ၌ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနှင့် တောင်အာရှတို့အထိ တန်ခိုးဩဇာသက်ရောက်အောင် ဖြန့်ကြက်နိုင်ခဲ့ကြပြီး ထည်ထည်ဝါဝါ ရပ်တည်နိုင်ခဲ့သည်။ နောက်ဆုံး စည်းလုံးညီညွတ်မှုမှာ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် မြန်မာတစ်မျိုးသားလုံးစည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ခဲ့ရာ ယင်းစည်းလုံးမှုဖြင့် နိုင်ငံလွတ်လပ်ရေးရသည်အထိ ခရီးပေါက်ခဲ့သည်။
သို့ရာတွင် နယ်ချဲ့လက်အောက်တွင် နှစ်ပေါင်းများစွာ ကျရောက်ခဲ့ရပြီး လွတ်မြောက်လာခဲ့သည့် မြန်မာနိုင်ငံတွင် ကိုလိုနီဆိုးမွေတို့ပါရှိခဲ့သလို စည်းလုံးညီညွတ်မှုမှာလည်း တာရှည်မခံ။ ခေါင်းဆောင်ကြီးများ ကျဆုံးပြီးသည့်နောက်တွင် ကွဲအက်ပျက်စီးခဲ့ရာ လွတ်လပ်ရေးရရှိပြီး သုံးနှစ်ခန့်ကြာမြင့်ချိန်တွင် မြန်မာတစ်နိုင်ငံလုံး၌ အယူဝါဒမျိုးစုံနှင့် ရောင်စုံသူပုန်တို့၏ ဆူပူသောင်းကျန်းမှုများကြောင့် တည်ငြိမ်အေးချမ်းမှု ကင်းမဲ့နေခဲ့ပြီဖြစ်သည်။ လွတ်လပ်ရေးရပြီးချိန်တွင် လွတ်လပ်သည့်အချုပ်အခြာအာဏာပိုင်နိုင်ငံသားများအနေဖြင့် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန် နိုင်ငံကိုပြန်လည်ထူထောင်ရေး မဖြစ်မနေဆောင်ရွက်ကြရမှာဖြစ်ပြီး ယင်းသို့ဆောင်ရွက်နိုင်ရန်အတွက် ကြိုးပမ်းအားထုတ် အလုပ်လုပ်ကြရန်နှင့် စည်းလုံးညီညွတ်ကြရန်လိုကြောင်းတို့ကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများတွင်တွေ့ရသည်။
၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမ၌ကျင်းပသော ပြည်သူ့အစည်းအဝေးပွဲကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် (နောက်ဆုံး)မိန့်ခွန်း၌ “ပဒေသာပင်ပေါက်အောင်ဆိုလျှင် ကျွန်တော်တို့အလုပ်လုပ်ကြမှဖြစ်မယ်ဆိုတာ ခင်ဗျားတို့နားလည်စေချင်တယ်၊ အဲဒီတော့ လွတ်လပ်ရေးရပင်ရသော်ငြားလည်း လွတ်လပ်ရေးရဲ့တာဝန်တွေကို ကျွန်တော်တို့က မထမ်းဆောင်ချင်ဘူးဆိုရင် ခင်ဗျားတို့ရဲ့လွတ်လပ်ရေးဟာ ဒီကနေ့ရပြီး မနက်ဖြန်ခါ အခြားလက်ပြန်ပါသွားမှာပဲဆိုတာ ခင်ဗျားတို့သိစေချင်တယ်” ဟူ၍လည်းကောင်း…
“ကျွန်တော်တို့က တကယ်ပဲ သုညကစပြီး အကုန်လုံးပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်းလှမ်းရင်၊ အခြားလွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်းတစ်လှမ်းလှမ်းရင် ကျွန်တော်တို့က ခြေလှမ်း လေး၊ ငါး၊ ၁၀ လှမ်း လှမ်းလိုက်နိုင်မှ၊ အဲဒီလို လိုက်နိုင်တဲ့အခါကျမှ နောက် ၁၀ နှစ်၊ အနှစ် ၂၀ တန်သည်အားဖြင့် အဲဒီလို တန်းတူညီတူဖြစ်သွားမယ်”ဟူ၍လည်းကောင်း…
“အဲဒီတော့ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထုညီညွတ်ရေး၊ စားဖားသမားတွေညီညွတ်တာ ကျွန်တော်မလိုချင်ပါဘူး၊ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သားလူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေးနှစ်ခုမရှိသမျှ ကာလပတ်လုံး၊ ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်း၊ ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ်၊ (--) တိုင်းပြည်ဖြစ်နေမှာပဲလို့ ကျွန်တော်ပြောချင်တယ်။ အဲဒီတော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့၊ ဘယ်သူကဘာလုပ်လုပ် မပျက်ပါစေနဲ့၊ အဲဒါ အင်မတန်အရေးကြီးပါတယ်”ဟူ၍လည်းကောင်း ထည့်သွင်းမိန့်ကြားခဲ့သည်။
လွတ်လပ်သည့်နိုင်ငံဘဝတွင် အင်အားတောင့်တင်းခိုင်မာသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အားတို့ကို အခိုင်အမာ ကြိုးပမ်းတည်ဆောက်ကြရသည်။ လက်ရှိကာလတွင်လည်း မိမိတို့နိုင်ငံအတွက် မဖြစ်မနေဆောင်ရွက်ကြရမည့် လိုအပ်ချက်များမှာ အခြားနိုင်ငံများထက် လေး၊ ငါး၊ ၁၀ ဆ ပို၍အလုပ်လုပ်ကြရန်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ကို တစ်သွေးတည်း၊ တစ်သားတည်းခိုင်မြဲအောင် တည်ဆောက်ကြရန်ပင်ဖြစ်ပါသည့်အကြောင်း။ ။