Skip to main content

လူ့စွမ်းအားအရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှုမဖြစ်ရေး ဆောင်ရွက်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံအတွင်းရှိ ရုပ်ဝတ္ထုအင်အား၊ ငွေကြေးအင်အားနှင့် လူအင်အားတို့ကို ထိရောက်စွာ အသုံးချနိုင်ရန်လိုအပ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှုပြဿနာတွင် အဓိကဖြေရှင်းရန် လိုအပ်သည်မှာ မိမိတို့တွင် ရှိနေသည့်အရာကို ထိရောက်စွာအသုံးပြုနိုင်ရေးပင်ဖြစ်သည်ဟု စီးပွားရေးပညာရှင်တို့က ပြောကြားကြသည်။

နိုင်ငံတည်ဆောက်ရေးတွင် လိုအပ်သည့် ရုပ်ဝတ္ထု၊ ငွေကြေးနှင့် လူသားဟူသော အရင်းအမြစ်သုံးရပ်အနက် အရေးကြီးဆုံး၊ အခြေခံအကျဆုံးမှာ လူသားအရင်းအမြစ်ဖြစ်သကဲ့သို့ ထိထိရောက်ရောက် အသုံးမချနိုင်ဆုံးမှာလည်း လူသားအရင်းအမြစ်ပင်ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်းရှိ အလုပ်လုပ်နိုင်သော လူဦးရေအချိုးအစား ၆၅ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာ “လူဦးရေဆိုင်ရာ ဆုလာဘ်” ကို ရရှိခြင်းဖြစ်ပြီး နှစ်ပေါင်း ၂၀ အတွင်း အကျိုးရှိရှိအသုံးချနိုင်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေနိုင်မည်ဟု လူဦးရေပညာရှင်များက ပြောကြားခဲ့ကြသည်။ ထိုစဉ်က မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၁ ဒသမ ၄၈ သန်းရှိခဲ့သည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏လူဦးရေမှာ ၅၁၃၁၆၇၅၆ ဦး (၅၁ ဒသမ ၃ သန်းကျော်) ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ရာ ဆယ်နှစ်တာကာလအတွင်း လူဦးရေတိုးမလာဘဲ လျော့ကျသွားသည်ကို တွေ့ရသည်။ ယခင်ခန့်မှန်းချက်များအရ ၂၀၂၄ ခုနှစ်တွင် လူဦးရေ ၅၆ ဒသမ ၂ သန်းခန့် ရှိမည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ယင်းကဲ့သို့ လျော့ကျသွားခြင်းနှင့် စပ်လျဉ်း၍ - “မိမိတို့နိုင်ငံ၏ မွေးဖွားနှုန်းသည် အစဉ်တစိုက် ကျဆင်းလာသည်ဖြစ်၍ လက်ရှိတွင်လည်း ပိုမိုကျဆင်းလာခြင်းဖြစ်နိုင်ကြောင်း၊ မိခင်တစ်ဦး၏ ကလေးမွေးဖွားနှုန်းသည် နှစ်ဦး အောက်ကိုလျော့ကျလာပြီဆိုပါက မိမိတို့နိုင်ငံ၏ လူဦးရေသည် တဖြည်းဖြည်း သိသိသာသာ လျော့နည်းကျဆင်းလာမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ၂၀၂၅ ခုနှစ် ကမ္ဘာ့လူဦးရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင်‌ပြောကြားခဲ့သည်။ ဆက်လက်၍ “မိမိတို့နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် ကိုဗစ် ၁၉ ကပ်ရောဂါဆိုးနှင့် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များကြောင့် ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်းများအပေါ် သက်ရောက်မှုများရှိခဲ့သလို အလုပ်အကိုင်အခွင့်အလမ်းများ‌ လျော့ကျလာပြီး လူငယ်အများအပြားသည်လည်း ပြည်ပထွက်ခွာမှုများ ပိုမိုပြုလုပ်လာသည်ကို တွေ့ရကြောင်း။

“ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် သက်ကြီးရွယ်အိုလူဦးရေ များပြားလာမှုနှင့်အတူ ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများ များပြားပြီး လုပ်သားကဏ္ဍလိုအပ်ချက်များ များလာခြင်းကြောင့် လုပ်သားအင်အားရွှေ့ပြောင်းမှုများရှိနေကြကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်လည်း လူဦးရေလျော့နည်းလာသည့်အပြင် လူ့စွမ်းအားအရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး၊ ကုန်ထုတ်လုပ်မှုစွမ်းအင် မထိခိုက်စေရေးတို့အတွက် ရွှေ့ပြောင်းနေထိုင်လာမှုများကို သတိထားကိုင်တွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနှစ်နိုင်ငံ၊ ကမ္ဘာ့လူနေအသိပ်သည်းဆုံးနိုင်ငံတစ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မြန်မာနိုင်ငံတွင် လူဦးရေလျော့နည်းကျဆင်းနေခြင်းမှာ နိုင်ငံအတွက်မကောင်း။ နိုင်ငံ၏ လျော့နည်းကျဆင်းနေသည့် လူဦးရေကို ပုံမှန်အနေအထားဖြင့် တိုးတက်လာစေရန်မှာ ရှုထောင့်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ သေချာစွာလေ့လာဆန်းစစ်ပြီး မှန်ကန်သည့်မူဝါဒများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ပြည်တွင်း၌ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများရပ်ဆိုင်းပြီး ဒေသများ တည်ငြိမ်အေးချမ်းရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စီးပွားရေးလုပ်ငန်းများ တိုးတက်အောင်မြင်ဖြစ်ထွန်းရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများရေးတို့သည် နိုင်ငံလူဦးရေတိုးခြင်း၊ လျော့ခြင်းတို့ကို သက်ရောက်မှုများ ဖြစ်ပေါ်စေသည့်အလျောက် တိုင်းပြည်သာယာ ဝပြောအောင်၊ စားရေရိက္ခာပေါများအောင် တစ်ဖက်မှ ကြိုးပမ်းသကဲ့သို့ တစ်ဖက်မှလည်း နိုင်ငံ၏ လူသားအရင်းအမြစ်များ လျော့နည်းဆုံးရှုံးမှု မဖြစ်စေရန်နှင့် လူ့စွမ်းအားကို ထိရောက်စွာ အသုံးချနိုင်ရန်လည်း အားထုတ်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။