နေပြည်တော် ဇူလိုင် ၁၁
ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၂/၂၀၂၅) ကြိမ် မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်နှင့် ကော်မတီဝင်များဖြစ်ကြသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ်သည် ဝန်ထမ်းများအတွက် ရေရှည်ဆောင်ရွက်သွားရမည့် ကိစ္စဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော ပင်စင်စနစ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ရေးကို ကော်မတီအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ မိမိတို့အနေဖြင့် ယခုအချိန်ထိဆောင်ရွက်ထားရှိမှုများအပေါ် အခြေခံ၍ ဆက်လက်ဆောင်ရွက်ရန်ကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်သည့် ကိစ္စများ၊ ရန်ပုံငွေစနစ်ကျင့်သုံးမည့် ပုံစံနှင့် လိုက်လျောညီထွေဖြစ်မည့် ဥပဒေကြမ်းဖြစ်ရေးအတွက် လိုအပ်သည်များ ပြင်ဆင်၊ ဖြည့်စွက်ပြီး ပြန်လည်တင်ပြနိုင်ရေး ဆက်လက်ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်းနှင့် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ် ထူထောင်ဆောင်ရွက်ရာတွင် ဥပဒေကြမ်း၌ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြင်ဆင်ရေးဆွဲထားမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ကော်မတီဥက္ကဋ္ဌက သုံးသပ်ဆွေးနွေးကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်