Skip to main content

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်မြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများတွင် ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ

ရန်ကုန် ဇူလိုင် ၉

ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်မြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) အခမ်းအနားများကို ယနေ့ နံနက် ၅ နာရီမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

ဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်ပူဇော်ပွဲကို စေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်း၌ကျင်းပရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။

ထို့နောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) အခမ်းအနားကို ဆက်လက်ကျင်းပရာ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များက စိန်ရောင်ခြည် ဘုရားပင့်ဂါထာတော်ဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာများ အား ဖိတ်ကြားခြင်း၊ ရွှေတိဂုံဘုရားရှိခိုးဂါထာတော် ဖြင့် ရှိခိုးပူဇော်ခြင်း၊ ဓမ္မစကြာအမွှမ်း ဂါထာရွတ်ဆို ပူဇော်ခြင်း၊ ဆုတောင်းအမျှဝေခြင်းတို့ကို ဆောင်ရွက် ကြသည်။

ယင်းနောက် စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှစတင်၍ ရွှေကြာ သင်္ကန်း လှည့်လည်ပူဇော်ပွဲအခမ်းအနားကိုကျင်းပ ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များက ဝါဆိုရွှေကြာသင်္ကန်းတော်များကို ကိုင်ဆောင်ကာ ရင်ပြင်တော်တစ်ပတ် လက်ယာရစ် လှည့်လည်ပူဇော်ကြရာ ဘုရားဖူးလာပြည်သူများက အလှူတော်ငွေများလှူဒါန်းကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက စေတီတော်ရင်ပြင် အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင်ဘုရားအား ဝါဆိုရွှေကြာသင်္ကန်းတော်များ ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ် အသင်းအဖွဲ့များနှင့် အလှူရှင်များက အာရုံခံတန်ဆောင်းမုခ်လေးမုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမ မြတ်စွာဘုရားများအား ဝါဆိုရွှေကြာသင်္ကန်းတော်များ ကပ်လှူပူဇော်ကြသည်။

ထို့နောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် (ဓမ္မစကြာအခါတော်နေ့) ရေစက်ချမင်္ဂလာအခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း ၌ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဒေါက်တာဘဒ္ဒန္တ အဂ္ဂသာမိထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျသဘာပတိဦးဘိုးသင်းက အဖွင့်မင်္ဂလာစကား လျှောက်ထားကာ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား ဝါဆိုရွှေကြာသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နိုင်ငံတော်သံဃာ့ ဝန်ဆောင်ဘဒ္ဒန္တသုစိတ္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချအမျှပေးဝေကြသည်။

ထို့ပြင် ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ ဆူးလေစေတီတော်၊ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၊ စွယ်တော်မြတ်စေတီတော် (ရန်ကုန်)၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတ ဆံတော်ရှင်ကျိုက်ဝိုင်းစေတီတော်၊ ဆုတောင်းပြည့် မယ်လမုစေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ကိုးထပ်ကြီးဘုရားနှင့် တိလောကဥသျှောင်မုနိရာဇ အောင်မြေသဗ္ဗညုပုထိုးတော်ကြီး (ရန်ကုန်) တို့၌လည်း သက်ဆိုင်ရာစေတီတော် ဂေါပကအဖွဲ့ဝင်များကြီးမှူး၍ သြဝါဒါစရိယဆရာတော်ကြီးများထံ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားတော်နှင့် ရေစက်ချတရား များနာယူခြင်း၊ ဝါတွင်းကာလသီလခံယူခြင်းစသည်ဖြင့် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) အခမ်းအနားများကို ကျင်းပကြသည်။

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ရန်ကုန်မြို့ရှိ ဘုရားစေတီပုထိုး၌ ပြည်တွင်း/ပြည်ပ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်ဖူးမြော်ကြည်ညိုကြကာ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးတိုင်များ ကပ်လှူပူဇော်ခြင်း၊ တရားနာယူခြင်း၊ တန်ဆောင်းများ၌ သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ တရားဘာဝနာပွားများအားထုတ်ခြင်းနှင့် အလှူရှင်များက စတုဒိသာကျွေးမွေးလှူဒါန်းမှုများဖြင့် အထူးစည်ကားများပြားလျက်ရှိကြောင်း တွေ့မြင်ရသည်။

ဇော်မင်းလတ်-MNA