နေပြည်တော် ဇူလိုင် ၈
ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများထဲမှ နေပြည်တော်ကောင်စီနယ်မြေတွင် မန္တလေးငလျင်ကြီးကြောင့် မြေညီထပ်အခန်းများ ပျက်စီးခဲ့သည့် ဝန်ထမ်းမိသားစုများ အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁၁) စုဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြီးကြောင့် မြေညီထပ်အခန်းများ ပျက်စီးခဲ့သည့် ဝန်ထမ်းမိသားစုများအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ဝန်ထမ်းများ၏ ပုံမှန်နေ့စဉ်လူနေမှုဘဝကို အတိုင်းအတာတစ်ခုအဖြစ် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများဖြစ်သော ရေခဲသေတ္တာ၊ ရုပ်မြင်သံကြားစက်၊ ထမင်းပေါင်းအိုး၊ လျှပ်စစ်ရေနွေးအိုး၊ လျှပ်စစ်ဟင်းချက်အိုးနှင့် လျှပ်စစ်မီးပူတို့ကို ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက နေပြည်တော်ကောင်စီနယ်မြေရှိ မြေညီထပ်အခန်းများ ပျက်စီးခဲ့သည့် ဝန်ထမ်း မိသားစု ၂၉ စုအား အိမ်သုံးလျှပ်စစ်ပစ္စည်းများဖြစ်သည့် ရေခဲသေတ္တာ ၂၉ လုံး၊ ရုပ်မြင်သံကြားစက် ၂၉ လုံး၊ ထမင်းပေါင်းအိုး ၂၉ လုံး၊ လျှပ်စစ်ရေနွေးအိုး ၂၉ လုံး၊ လျှပ်စစ်ဟင်းချက်အိုး ၂၉ လုံးနှင့် လျှပ်စစ် မီးပူ ၂၉ လုံးတို့ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယနေ့အခမ်းအနားတွင် မန္တလေးငလျင်ကြီးကြောင့် မြေညီထပ်အခန်းများ ပျက်စီးခဲ့သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစု ၂၉ ဦးတို့အား ထောက်ပံ့ပေးအပ်ခဲ့သည့် အဆိုပါအိမ်သုံးလျှပ်စစ်ပစ္စည်းများကို ဝန်ထမ်းမိသားစုများ ယာယီနေထိုင်သည့်နေရာများသို့ စနစ်တကျ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်