Skip to main content

အတတ်ပညာသာမက အသိပညာဗဟုသုတကြွယ်ဝလျက် အသိဉာဏ်ပညာပြည့်ဝပြီး နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်မည့် လူတော်လူကောင်းများဖြစ်အောင် ကြိုးစား

နေပြည်တော် ဇူလိုင်

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး စာကြည့်တိုက်နှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား လိုအပ်သည်များ မှာကြားသည်။

ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိကာ ခရိုင်ရုံးစာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပဲခူးထပ်ဆင့်လွှင့်စက်ရုံ စက်ရုံမှူးနှင့် သတင်းဌာနရုံးခွဲ ဝန်ထမ်းများအားတွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။

ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးကာ ထုတ်လွှင့်မှုမပြတ်တောက်စေရေး၊ စက်ပစ္စည်းများ ရေရှည်အသုံးပြုနိုင်အောင် ထိန်းသိမ်းပြီး မီးဘေးအန္တရာယ် ဂရုပြုရေးတို့ကို မှာကြားသည်။ ထို့နောက် ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံမှာကြားသည်။

ဒုတိယဝန်ကြီးက ဝန်ထမ်းများအား တွေ့ဆုံမှာကြားရာတွင် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် ၆ ချက် နှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ မိမိတို့ကိုယ်တိုင်လည်း အသိပညာဗဟုသုတ ပြည့်ဝအောင် ကြိုးစားဖြည့်ဆည်းကြရေး၊ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး အောင်မြင်ရေးအတွက် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရေး၊ စည်းလုံးညီညွတ်စွာဖြင့် တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ရေးနှင့် စိတ်ကောင်းစေတနာအပြည့်ဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို အလေးထားဆောင်ရွက်ပေးကြရန် မှာကြားပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးသည် ပဲခူးမြို့နယ် ဘုရားကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ခရိုင်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၍ စာပေသင်ကြားသင်ယူမှုများကို အားပေးကြည့်ရှုသည်။

ထို့နောက် ဒုတိယဝန်ကြီးက ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၍ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုသည့် အခြေခံကျောင်းများ၏ ရည်မှန်းချက်နှင့်အညီ ဘက်စုံထူးချွန် ထက်မြက်သည့် ပညာတတ်များ ဖြစ်ပေါ်လာရေး၊ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဆိုသည့်ဆောင်ပုဒ်အတိုင်း ကျင့်ဝတ်စည်းကမ်းကောင်းမွန်သည့် လူငယ်များဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရေး၊ နိုင်ငံတော်အကြီးအကဲကလည်း ပညာရေးကို မြှင့်တင်ကြရန် အစဉ်တိုက်တွန်းနှိုးဆော်လျက်ရှိပြီး စာသင်ကျောင်းများက စာပေသာမက စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်စေရန်နှင့် ဗလငါးတန်ပြည့်ဝစေရန် မကြာခဏမှာကြားလျက်ရှိကြောင်း၊ ထို့အပြင် ငယ်စဉ်ကတည်းက ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ သိရှိနားလည်ပြီး စည်းကမ်းလိုက်နာတတ်သည့်အလေ့အထကို ပြုစုပျိုးထောင်ကြစေလိုကြောင်း၊ အတတ်ပညာသာမက အသိပညာဗဟုသုတကြွယ်ဝလျက် အသိဉာဏ်ပညာ ပြည့်ဝပြီး နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်မည့် လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း။

ကျောင်းသားဘဝတွင် ပညာရှာဖွေရန်သာဖြစ်ပြီး ဘဝအတွက် ကောင်းကျိုးမပြုသည့် မူးယစ်ဆေးဝါး၊ အရက်၊ ဆေးလိပ်၊ ကွမ်းယာတို့ကို ရှောင်ရှားကြစေလိုကြောင်း၊ သားသမီးဝတ္တရား၊ တပည့်ဝတ္တရားကျေပွန်သည့် လူငယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ယင်းနောက် ကျောင်းစာကြည့်တိုက်အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသော စာအုပ်စာစောင်များနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းသော အားကစားပစ္စည်းများအား ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး ခရိုင်ပညာရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

သတင်းစဉ်