နေပြည်တော် ဇူလိုင် ၆
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University (NSPU) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ Naypyitaw State Polytechnic University (NSPU) မှ ပါမောက္ခချုပ်၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအထိမ်းအမှတ်အဖြစ် ဗာဒံပင်ကို ဦးဆောင်စိုက်ပျိုးပေး၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီး၌ ဗာဒံပင်များကို စိုက်ပျိုးပေးကြပြီး တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက သတ်မှတ်နေရာအသီးသီးတွင် ဗာဒံ၊ ဆီသပြေ၊ ပိတောက်၊ စိန်ပန်း၊ စက္ကူပန်း၊ မာလကာ၊ ဩဇာ၊ ခရေ၊ မဟော်ဂနီနှင့် Fox Tail ပင်များကို တပျော်တပါး စုပေါင်းစိုက်ပျိုးပေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဝန်ထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးကြသည်။
ယနေ့ကျင်းပသော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်၌ Nay-pyitaw State Polytechnic University(NSPU)တွင် အရိပ်ရလေကာပင်များ၊ နှစ်ရှည်သီးပင် စားပင်များနှင့် အလှပန်းပင်များဖြစ်သော ဗာဒံ၊ ဆီသပြေ၊ ပိတောက်၊ စိန်ပန်း၊ စက္ကူပန်း၊ မာလကာ၊ ဩဇာ၊ ခရေ၊ မဟော်ဂနီနှင့် Fox Tail ပင် စုစုပေါင်း ၂၁၁၉ ပင်ကိုလည်းကောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) တွင်လည်း ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်းများ က ခရေ၊ ကံ့ကော်နှင့် ပိတောက် စုစုပေါင်းအပင် ၂၁၀ ကို စိုက်ပျိုးခဲ့ကြသည်။ ယခုနှစ် မိုးရာသီကာလအတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် အရိပ်ရလေကာပင်များ၊ နှစ်ရှည်သီးပင်စားပင်များနှင့် အလှပန်းပင်များ စုစုပေါင်း ၂၃၂၉ ပင်ကို စနစ်တကျစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်