Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ-၂၀၂၅ ဒုတိယနေ့ တက်ရောက်

နေပြည်တော် ဇူလိုင် ၄        

နိုင်ငံတကာမူပိုင်ခွင့် ညီလာခံ-၂၀၂၅ ဒုတိယနေ့ အခမ်းအနားများကို ယနေ့တွင် နေပြည်တော် Jasmine Naypyitaw Hotel ရှိ ဒုဋ္ဌဝတီခန်းမ၊ ကစ္ဆပနဒီခန်းမနှင့် ဧရာဝတီခန်းမတို့၌ ဆက်လက်ကျင်းပရာစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် ဒုတိယဝန်ကြီး ဦးမင်းမင်းတို့ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပမှ မူပိုင်ခွင့်ကျွမ်းကျင်သူပညာရှင်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် ပါရဂူကျမ်းပြုကျောင်းသား ကျောင်းသူများ၊ ဥပဒေအကျိုးဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်း/ပြည်ပ မူပိုင်ခွင့်ပညာရှင်များနှင့် စာတမ်းရှင်များ တက်ရောက်ကြသည်။

စာတမ်းများဖတ်ကြား

ဒုဋ္ဌဝတီခန်းမတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်၊ ဒေသဆိုင်ရာအညွှန်းနှင့်စပ်လျဉ်းသည့် စာတမ်းများ၊ မူပိုင်ခွင့်ကိုယ်စားလှယ်များအတွက် မူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် စာတမ်းများကိုလည်းကောင်း၊ ကစ္ဆပနဒီခန်းမတွင် မူပိုင်ခွင့်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများ နှင့်စပ်လျဉ်းသည့် စာတမ်းများ၊ တီထွင်မှုမူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် စာတမ်းများ၊ ဉာဏ်ရည်တု နည်းပညာများတွင် မူပိုင်ခွင့်ဆိုင်ရာစိန်ခေါ်မှုများ နှင့်စပ်လျဉ်းသည့် စာတမ်းများကိုလည်းကောင်း၊ ဧရာဝတီခန်းမတွင် စက်မှုဒီဇိုင်းမူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် စာတမ်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် စာတမ်းများ၊ မူပိုင်ခွင့်အခွင့်အရေးများ ပိုင်ဆိုင်ခြင်းနှင့် နည်းပညာလွှဲပြောင်းမှုများ အားကောင်းစေခြင်း၊ အပင်မျိုးသစ် အကာအကွယ်ပေးခြင်းနှင့်စပ်လျဉ်းသည့် စာတမ်းများကိုလည်းကောင်း သက်ဆိုင်ရာ စာတမ်းရှင်ကဖတ်ကြားပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေးခဲ့ကြသည်။

နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ -၂၀၂၅ ကို ကျင်းပခြင်းကြောင့် တီထွင်ဆန်းသစ်မှုကို မြှင့်တင်စေနိုင်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး စေနိုင်ခြင်းနှင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် မူပိုင်ခွင့်၏ အရေးပါပုံများကို သိရှိစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်