Skip to main content

ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် တည်ငြိမ်အေးချမ်းသည့် အခင်းအကျင်း

ပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်ရှိနိုင်ငံတော်အစိုးရက ဖွင့်ပေးထားသည့် တံခါးမှာကျယ်ဝန်းသည်။ ရှင်းလင်းဖြောင့်တန်းသည်။ ကြိုတင်ကန့်သတ်မှုများမထားဘဲ အချိန်မရွေးဆွေးနွေးနိုင်ရန်လည်း ဖိတ်ခေါ်ထားသည်။ သို့ရာတွင် လက်နက်များ စွဲကိုင်၍ ပြည်တွင်းဒေသအနှံ့အပြားတွင် ပေါ်ပေါက်လာသည့် ပုန်ကန်ထကြွမှုများကို အကြောင်းပြုကာ အစိုးရအကျပ်ဆိုက်နေပြီဟုယူဆပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် နှိမ့်ချမှု၊ ပြက်ရယ်ပြုမှုများပြုလုပ်ကြသည်။ ပြည်ထောင်စုပြိုကွဲရေးစကားများကို ပြောင်ပြောင်တင်းတင်းပြောကာ ကျဉ်းမြောင်းသည့် လူမျိုးစွဲ၊ ဒေသစွဲအခြေခံဖြင့် စစ်သံများပေးကြသည်။

ပြည်ထောင်စုအရေး၊ ပြည်နယ်အရေး၊ လူမျိုးစုအရေးစသည်တို့မှာ နိုင်ငံရေးများပင်ဖြစ်ပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာကြခြင်းဖြင့် အဖြေရလဒ်တစ်ခုကို ရရှိနိုင်သည်။ သို့ရာတွင် မိမိတို့နိုင်ငံ၏ နိုင်ငံရေးယဉ်ကျေးမှုတွင် စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းထက် လက်နက်စွဲကိုင်တိုက်ခိုက်ခြင်းကို ပို၍အားသန်ကြသည်။ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြသည့်တိုင် လွှတ်တော်တွင်း နိုင်ငံရေးကိုမျက်ကွယ်ပြုကာ တောခိုသူပုန်ထ၍ အကြမ်းနည်းနိုင်ငံရေးကို ကျင့်သုံးကြသည်။ ရလဒ်မှာ စစ်ဒဏ်ကြောင့် နိုင်ငံထူထောင်မှုနှေးကွေးနောက်ကျပြီး ပြည်သူများ လူမှုစီးပွားဘဝနိမ့်ကျရခြင်းပင်ဖြစ်သည်။ နိုင်ငံရေးဟူသည် သွေးထွက်သံယိုကင်းသည့်စစ်ဖြစ်ပြီး စစ်ဟူသည် သွေထွက်သံယိုများသည့် နိုင်ငံရေးဟုဆိုရာတွင် စစ်ကိုရွေးချယ်ခဲ့ကြခြင်းကြောင့် နိုင်ငံနာခဲ့ရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများမှာလည်း နိုင်ငံရေးလမ်းကြောင်းပေါ်သို့ ရောက်မလာသေးသရွေ့ အနိဋ္ဌာရုံမြင်ကွင်းများ ပို၍ပို၍ ကျယ်ပြန့်လာနေမည်ဖြစ်သကဲ့သို့ မတည်မငြိမ်ဖြစ်နေသည့်ဒေသများရှိ ပြည်သူများ၏ ဒုက္ခအထုပ်အပိုးများမှာလည်း ပို၍ပို၍ကြီးမားလာနေမည်ဖြစ်သည်။ လူနေမြို့ရွာများတွင် စစ်ပွဲများဖော်ဆောင်မှုများကြောင့် ပျက်စီးပြိုကျပြာပုံဘဝရောက်ကြရသည့် မြို့ရွာများ၊ စစ်ဘေးဒဏ်ခံပြည်သူများ၏ လူမှုစီးပွားဘဝများကို ယခုချက်ချင်း ပစ်ခတ်တိုက်ခိုက်မှုများရပ်ဆိုင်း၍ ပြန်လည်ထူထောင်မည်ဆိုလျှင်ပင် နှစ်များစွာ အချိန်ယူဆောင်ရွက်ရမည့်အခြေအနေအထိ ပျက်စီးမှုပမာဏကြီးမားနေပြီဖြစ်သည်။ သို့ရာတွင် ဉာဏ်ပညာနှင့် ဆင်ခြင်တုံတရားထက် လက်ရုံးနှင့်အင်အားကိုသာ နားလည်ကြသူများမှာ ၎င်းတို့၏ အသိမှား၊ အမြင်မှား၊ မျှော်လင့်ချက်အမှားများကို အမှားဟူ၍ မမြင်နိုင်တော့ဘဲ လောဘ၊ ဒေါသနှင့် မောဟတို့သွေးဆောင်ရာနောက်သို့ ကောက်ကောက်ပါအောင်လိုက်နေကြဆဲဖြစ်သည်။

တပ်မတော်အနေဖြင့်မူ ၂၀၂၅ ခုနှစ် NCA စာချုပ်ကြီး ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်တည်း ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ် ကိုချမှတ်ပြီး ယနေ့တိုင် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်နေသည်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မူဝါဒ (၆)ရပ်တို့မှာ (၁) ထာဝရငြိမ်းချမ်းရေးရယူရန်အတွက် အမှန်တကယ်ဆန္ဒရှိရန်၊ (၂) သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ (၃) ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ (၄) ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်၊ (၅) နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန်၊ (၆) ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းနေမှုတွင် လိုက်ပါလုပ်ဆောင်ရန်ဟူသည့် အချက်များပင်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပကတိနိုင်ငံရေးမှာ အချိန်နှင့်အမျှ ရှေ့သို့ ဆက်လက်ရွေ့လျားနေသည်။ ယခုနှစ်ကုန်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေကျင်းပသွားမည်ဖြစ်ရာ ကြားတွင် အချိန်ကာလအားဖြင့် လအနည်းငယ်သာရှိသည်။ ရွေးကောက်ပွဲကျင်းပပြီးပါက လွှတ်တော်များပေါ်ပေါက်လာပြီး နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများနှင့် ရေရှည်တည်တံ့ ခိုင်မြဲသည့်ငြိမ်းချမ်းရေးလုပ်ငန်းများကို ရှေးရှုဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။