နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့ခြင်းကြောင့်လည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်ကို စတင်တာဝန်ယူသည့်အချိန်မှစ၍ ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အတိအလင်းပြောကြားထားသောကြောင့်လည်းကောင်း ယခုနှစ်အကုန်နှင့် လာမည့်နှစ်အစတွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်သည်။
ရွေးကောက်ပွဲသည် ပြည်သူများ၏ဆန္ဒဖြစ်၍ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေး နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို သင်ခန်းစာယူ၍ ယခုအခါ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ မူလရည်မှန်းထားသည့်အတိုင်း ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ရွေးကောက်ပွဲကျင်းပပြီး ပြည်သူက ရွေးကောက်တင်မြှောက်သည့် အစိုးရတစ်ရပ်ကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေးသည် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေပေါ်တွင် မူတည်သည်။ ရွေးကောက်ပွဲကျင်းပပြီးနောက် ဥပဒေနှင့်အညီ လွှတ်တော်အသီးသီးပေါ်ပေါက်လာပြီး နိုင်ငံတည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ အန္တိမရည်မှန်းချက်တွင်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် “ပြည်ထောင်စုနိုင်ငံ”ထူထောင်ရေးကို ချမှတ်ထားသည်။ ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူကရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ဖက်ဒရယ်စနစ်ဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာနှင့် ရပိုင်ခွင့်များကို မျှဝေခံစားခြင်းဖြစ်သည်။ တစ်နည်းဆိုလျှင် ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများနှင့် လူမျိုးစုများ စုစည်းလုပ်ကိုင်ရာမှ လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်းနှင့် မျှဝေခံစားခြင်း ဖြစ်သည်။ ဖက်ဒရယ်အခွင့်အရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ဖက်ဒရယ်အခွင့်အရေးများ ပေးထားသည်ကို တွေ့နိုင်သည်။ သမိုင်းကြောင်းအခြေအနေအရ တိုင်းရင်းသားအခွင့်အရေးများ၊ နိုင်ငံရေးအရတောင်းဆိုမှုများအား ပြင်ဆင်ရန်လိုအပ်သည်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အစိုးရနှင့် တပ်မတော်က ပြင်ဆင်ပေးသွားမည်ဟု သိရသည်။
လက်နက်စွဲကိုင်ပြီး လိုချင်သည်များကို တောင်းဆိုခြင်း၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာဖြင့် မိမိတို့၏ဆန္ဒကိုသာ ရှေ့တန်းတင် ဦးစားပေးဖန်တီးလုပ်ဆောင်မှုများသည် ဒီမိုကရေစီနှင့် သွေဖည်နေပြီး မှန်ကန်သည့် လုပ်ငန်းစဉ်မဟုတ်ကြောင်း အလေးအနက်သတိပြုရမည်ဖြစ်သည်။ ငြိမ်းချမ်းသောလုပ်ငန်းစဉ်သည် မိမိတို့လိုလားချက်များကို လွှတ်တော်အသီးသီးတွင် ဆွေးနွေးဆုံးဖြတ်ရယူခြင်းပင်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကိုကျင့်သုံးရာတွင် ဒီမိုကရေစီကျင့်သုံးသည့်နိုင်ငံများကို လေ့လာခြင်းသည် သင်ခန်းစာယူရန်ဖြစ်ပြီး ပုံတူကူးချရန်မဟုတ်ပေ။ မြန်မာနိုင်ငံ၏ သမိုင်းကြောင်း၊ လူနေမှုစနစ်၊ ယဉ်ကျေးမှု စရိုက်လက္ခဏာ၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် မြန်မာများ ဦးစီးဦးဆောင်ပြီး အကောင်အထည်ဖော်ဆောင်ရွက် သွားရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅ ဖွင့်ပွဲအခမ်းအနားတွင် “ကျွန်တော်တို့အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦး သဘောထားကွဲလွဲမှုတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း ကိုယ်စီလိုလားချက်တွေကို လက်နက်ကိုင်တဲ့လမ်းစဉ်နဲ့ တောင်းဆိုနေကြတာကတော့ မှားယွင်းတဲ့လမ်းစဉ်ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြမှသာ အမှန်ကန်ဆုံးပဲဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ မိမိတို့ရဲ့ လိုလားချက်တွေကို နိုင်ငံရေးနည်းလမ်းနဲ့ စေ့စပ်ညှိနှိုင်းအဖြေရှာနိုင်ဖို့အတွက် အားပေးဆောင်ရွက်သွားကြဖို့ ပြောကြားလိုပါတယ်။ ဒါမှသာ ကျွန်တော်တို့တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ တက်ညီလက်ညီနဲ့ ကျွန်တော်တို့ ရည်မှန်းထားတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို ခိုင်ခိုင်မာမာတည်ဆောက်နိုင်မှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူများ၏ဆန္ဒသည် နိုင်ငံတော်၏ မျှော်မှန်းချက်ဖြစ်ရာ နိုင်ငံတော်၏ မျှော်မှန်းချက် ရှေ့လုပ်ငန်းစဉ်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး တက်ညီလက်ညီဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။