ယနေ့ကမ္ဘာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဆင်းရဲနွမ်းပါးမှုအဆိုးသံသရာမှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် နည်းလမ်းမျိုးစုံဖြင့် ရုန်းကန်အားထုတ်ကြစေကာမူ အခွင့်မသာမှုများ တစ်ခုပြီးတစ်ခု ကြုံတွေ့ရပြီး အောင်မြင်စွာကျော်လွှားနိုင်ခြင်းမရှိဖြစ်ကြရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှုအကြောင်းတရားများသည် ပြင်ပအကြောင်းတရားများရော အတွင်းအကြောင်းတရားများပါ ပါဝင်လျက်ရှိသည်ဟု ပညာရှင်များကဆိုသည်။
ပြင်ပအကြောင်းတရားများတွင် အရင်းအနှီးချို့တဲ့မှု၊ နည်းပညာအဆင့်အတန်းနိမ့်ကျမှု၊ ကုန်သွယ်ရေးမညီမျှမှုစသော အကြောင်းတရားများ ပါဝင်နေပြီး ယင်းအကြောင်းတရားများကလည်း ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ဆင်းရဲချမ်းသာကွာဟမှု၊ ဖွံ့ဖြိုးမှုအဆင့် ကွာဟမှုတို့နှင့် ဆက်စပ်နေခြင်းဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအနည်းနှင့်အများဆိုသလို ခံစားကြရခြင်း ဖြစ်သည်။ ထို့အပြင် ဆင်းရဲနွမ်းပါးသည့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် အတိတ်က ကိုလိုနီဘဝကျရောက်ခဲ့ကြရခြင်းကြောင့် အတိတ်သမိုင်း၏ ဆိုးမွေကိုခံယူကြရသည်မှန်သော်လည်း ထာဝရနာလန်မထူနိုင်သည့်အဖြစ်သို့ မကျရောက်စေရန် ကိုယ့်စွမ်းကိုယ်စဖြင့် ရုန်းထကြရန်၊ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းရာတွင် ပေးသမျှအခြေအနေနှင့် ရောက်ရှိနေသည့်နေရာမှပင်စကာ ဖွံ့ဖြိုးမှုသို့ ဦးတည်ဆောင်ရွက်ကြရမည်ဖြစ်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲနွမ်းပါးရခြင်း အကြောင်းတရားများအနက် အဆုံးအဖြတ်ပေးနိုင်သည့် အကြောင်းတရားများမှာ ပြည်တွင်း၌ပင်ရှိနေခြင်းဖြစ်သည်ဟု ပညာရှင်များက ဆိုထားသည်။ ဆင်းရဲတွင်းမှ မထွက်နိုင်ခြင်းကို အရင်းစစ်မည်ဆိုပါက ယင်းသို့သောနိုင်ငံများ၏ ယေဘုယျအခြေအနေသည် မည်သည့်နေရာတွင်မှ သိပ်သည်းကျစ်လျစ်စွာ ဖွဲ့စည်းမှုမျိုးမရှိဘဲ ဝါးအစည်းပြေသကဲ့သို့ လျော့ရဲပြန့်ကျဲနေကြောင်း၊ နိုင်ငံက ပိုင်ဆိုင်ထားသည့် ငွေကြေးအင်အား၊ ရုပ်ဝတ္ထုအင်အား၊ လူအင်အားတို့ကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိ၊ ထိရောက်စွာ အသုံးမပြုနိုင်ကြောင်း တွေ့ရှိနိုင်သည်ဟုလည်း ဆိုသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများက ထိရောက်စွာ အသုံးမပြုနိုင်ဆုံးသော အရင်းအမြစ်မှာ လူသားအရင်းအမြစ်ဖြစ်သကဲ့သို့ လေလွင့်ပြုန်းတီးမှု အများဆုံးအရင်းအမြစ်မှာလည်း လူသားအရင်းအမြစ်ပင်ဖြစ်သည်။ လူသားအရင်းအမြစ်ကို ထိရောက်စွာ အသုံးချနိုင်ခြင်းဖြင့် အခြေခံသော ငွေကြေးနှင့် ရုပ်ဝတ္ထုအရင်းအမြစ်များကိုပါ အသုံးချလာနိုင်မည်ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးရေးအတွက် လူသားအရင်းအမြစ်ကို အသုံးချနိုင်ရန်မှာ လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေးကို အလေးအနက်ထား၍ ဆောင်ရွက်ကြရသည်။ ပညာရေး၊ ကျန်းမာရေး၊ ကျွမ်းကျင်မှုလေ့ကျင့်ပေးရေး၊ လူအင်အားနေရာချထားရေးကဏ္ဍများတွင် ပိုမို၍ရင်းနှီးမြှုပ်နှံမှုပြုရန် လိုအပ်သည့်အပြင် ပြည်သူလူထုတစ်ရပ်လုံးကိုလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရန်အတွက် တက်ကြွသောအင်အားများ (Dynamic Force) များဖြစ်လာစေရန်အတွက် နှိုးဆွပေးရန် လိုအပ်သည်။ တစ်နည်းအားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟူသည် အစိုးရချည်းသက်သက်ဖြင့် ဆောင်ရွက်အောင်မြင်နိုင်သည့် ကိစ္စမဟုတ်သကဲ့သို့ အစိုးရ၏တာဝန်ချည်းသာမဟုတ်သည်ကိုလည်းကောင်း၊ အစိုးရနှင့်အတူ ပြည်သူတစ်ရပ်လုံးကပါ နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် လိုအပ်သည်ကိုလည်းကောင်း ပြည်သူလူထုအားလုံးက နားလည်သဘောပေါက်ထားရန် လိုအပ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဟူသည် အစိုးရနှင့်ပြည်သူ အတူတကွ လက်တွဲပူးပေါင်းကာ သူ့တာ၊ ကိုယ့်တာ ကျေပွန်စွာဆောင်ရွက်ကြခြင်းမှ ထွက်ပေါ်လာသည့်ရလဒ်ဖြစ်သည်ကို ကောင်းစွာသိရှိ နားလည်ကြကာ ကမ္ဘာ့အလယ်တွင် ဝင့်ထည်နိုင်ရေး အစွမ်းကုန် အားထုတ်ကြိုးပမ်းကြရပါမည့်အကြောင်း။ ။